ဖယ်ခုံမြိုနယ် စစ်ဘေးရှောင်နေသည့်ပြည်သူများ အရေးပေါ်လိုချက်များဖြစ်ပေါ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စစ်ဘေးရှောင်နေသည့် ပြည်သူများ တစ်နှစ်နှင့် ရှစ်လကျော်ကြာမြင့်လာပြီဖြစ်သည့်အတွက် စားဝတ်နေရေး၊ ဆေးဝါးနှင့် နေရာထိုင်ခင်းအတွက် မိုးကာများအရေးပေါ်လိုအပ်နေကြောင်း သိရ သည်။
“တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတာ တစ်နှစ်နဲ့ ရှစ်လရှိသွားပြီး၊ အရင်က ကောင်ဝှပ်စစ်ရှောင်ကနေပြီး လအိစစ်ရှောင်ထဲရောက်လာတယ်၊ လအိစစ်ရှောင်စခန်းမှာက RC – ဘုန်းတော်ကြီးက နွေးထွေးကြိုဆိုလက်ခံကူညီပေးတဲ့အတွက် အဆင်ပြေတယ်၊ အခုဘုန်းကြီးကျောင်းမှာက ကျောင်းသူကျောင်းသားများ၏ ကျောင်းတက်နိုင်ရန် လက်ခံသွားမယ်ဖြစ်တဲ့အတွက်၊ ဘုန်းတော်ကြီးက လအိဘန်ကောက်ရပ်ကွက်မှာ နေရာချပေးထားပါတယ်၊ အဲ့ကြောင့် ဘန်ကောက်ရပ်ကွက်မှာ ပြောင်းရွှေ့နေရတော့ စားဝတ်နေရေးအတွက်နဲ့ နေထိုင်ရန် ယာယီအဆောက်အအုံအတွက် မိုးကာများအရေးပေါ်လိုအပ်နေတယ် ” ဟု စစ်ရှောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် CDM ဆရာမတစ်ဦးကပြောသည်။
အဆိုပါ RC – ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလုံသည့် အိမ်ထောင်စု ၆၀ စုရှိပြီး လူဦးရေ စုစုပေါင်း ၃၀၀ ဦးကျော်ရှိသည့်အတွက် နေရာအသစ်တစ်ခုပြောင်းရွှေ့ရမည်ဖြစ်သည့်အတွက် အခက်အခဲများစွာရှိနေသည်ဟု သိရပါသည်။
“နေရာအသစ်တစ်ခု ထပ်မံပြောင်းရွှေ့နေရတော့ လိုအပ်ချက်တွေများစွာရှိနေပါတယ်၊ ယာယီတည်းခိုအိမ်များ ဆောက်လုပ်ရာတွင် အမျိုးသ မီးများကိုယ်တိုင်တည်ဆောက်ရသည့်အတွက် အခက်အခဲနှင့် စိန်ခေါ်မှုများစွာကြုံတွေ့နေရတာပေါ့ ၊ တဲ တစ်ခုဖြစ်ဖို့ကလည်း သံမှို၊ မိုးကာ၊ သွပ်ကြိုး၊ အိမ်သာခွက်က အစများစွာလိုအပ်နေသေးတာပေါ့နော်” ဟု သူမက ဆက်ပြောပါသည်။
စစ်ဘေးရှောင်နေစဥ်အတွင်း အမျိုးသမီးဖြစ်သည့်အတွက် အနောက်မှာနေရင်း မိသားစုတစ်ခုလုံးတာဝန်ယူရခြင်း၊ ဝင်ငွေမရှိခြင်း၊ ကလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် ဖြေရှင်းပေးရသည့်အတွက် စိန်ခေါ်မှုတွေများစွာ ကြုံတွေ့နေရသည်ဟုလည်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာ ဒေသဖြစ်သည့် ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ စသည့် ကျေးရွာအသီးသီးမှာရှိနေကြသည့် ပြည်သူများက စစ်ဘေးလွတ်ရာ အနောက် ကယန်းအုပ်စုတွင် လာရောက်ခိုလှုံစစ်ရှောင်နေကြရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာမှာ လာရောက်ခိုလုံနေရပေမဲ့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တိုက်လေယာဥ်ဖြင့်သော်လည်းကောင်းစစ်ဘေးရှောင်စခန်းရှိရာနေရာမှာ ပစ်မှတ်ထားတိုက်ခိုက်မှု မကြာခဏပြုလုပ်လျှက်ရှိသည့်အတွက် စစ်ရှောင်ပြည်သူများက စိုးရိမ်မှုရှိကြောင်း သိရှိရသည်။ mizzima