လောင်းလုံးမြို့နယ်တွင် ပြည်သူများ၏နေအိမ်များကို စစ်ကောင်စီတပ်က အကြောင်းမဲ့မီးရှို့ဖျက်ဆီး


တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောကျေးရွာ၌ စစ်ကောင်စီတပ်များက ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အ ကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။
“သူတို့ ကျောက်နီမော်ရွာကို လှေနဲ့ရောက်လာတယ် ပျူစောထီးတွေလည်းပါတယ်။ အဲ့ဒီနောက်မှာတော့ ဟင်းချိုတောရွာဘက်ကို ထွက်သွားပြီး မီးရှို့သွားကြတာပါ”ဟု ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် ဟင်းချိုတောကျေးရွာမှ ပြည်သူများ၏အိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“ရွာက နေအိမ်သုံးလုံး မီးလောင်သွားတယ်၊ ပရိဘောဂဆိုင်တစ်ဆိုင်ပြာကျပြီး ဆိုင်ကယ်လေးစီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရွာသားတွေရဲ့ဖုန်းတွေကိုလည်း သိမ်းသွားတယ်ဗျ၊ အခုတော့ သူတို့ ရွာကပြန် ထွက်သွားကြပြီ၊ လူတွေဖမ်းသွားတာတော့ မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မီးရှို့ဖျက်ဆီးခဲ့သော ဆိုင်ကယ်လေးစီးအနက် နှစ်စီးမှာ မီးလောင်ပြာကျခဲ့သည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှာ ကျောက်နီမော်ကျေးရွာဘက်သို့ ပြန်ထွက်သွားနိုင်ခြေရှိသည် ဟုလည်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
ယခုကဲ့သို့ အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှုအပေါ် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်း ဖက်မှုများဆက်တိုက်ဖြစ်လာနိုင်သည့်အတွက် အထူးဂရုစိုက်သွား လာကြပါရန် သတင်းထုတ်ပြန်ထားသည်။
လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာတွင် ဇန်နဝါရီလ ၉ ရက်နေ့နံနက်ပိုင်းက မြေပြင်လူဦးရေစာရင်း ကောက်ခံသည့် ဌာနဆိုင်ရာဝန်ထမ်းများကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများ LLPDF နှင့် DGRF တပ်ဖွဲ့ဝင်များ၏ပစ်ခတ်ခြင်းခံရပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ သည်။
လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ mizzima