သံတွဲတွင် အာဏာသိမ်းစစ်ခေါင်းဆောင် လာမည်ဟုဆိုကာ လမ်းမကြီးရှိ ဆိုင်ခန်းများကို ဖျက်သိမ်း


ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လာမည်ဟုဆိုကာ ဈေးဆိုင်ခန်းများကို ယမန့်နေ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စည်ပင်နှင့်ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
သံတွဲမြို့ မင်းဘာကြီးလမ်းမတစ်လျှောက်ရှိ မုန့်ဆိုင်၊ ကွမ်းယာဆိုင်နှင့် ထမင်းဆိုင်ခန်း စုစုပေါင်း ၂၀ ခန့်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်နှင့် ရဲအပါအဝင် ၁၀ဦးခန့်ရှိသည့်အဖွဲ့က လာရောက်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ခန်းဖျက်သိမ်းခံရသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။
“ ကျနော်တို့ကို ထွေအုပ်က ဖျက်ခိုင်းတာကြောင့် သူတို့ဖျက်တာလို့ပြောတယ်။ လူကြီးခရီးစဉ်ရှိတယ်။ လူကြီးတွေ ပြန်သွားရင် ပြန်ဆောက်လို့ရတယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ စာထွက်လာတဲ့အခါကျတော့ အဲဒီလိုမဟုတ်ဘူး။ ကျူးကျော်တွေကို ဖျက်သိမ်းတယ်ဆိုပြီး ပါတယ်လို့ ပြောကြတယ်။ ” ဟု ၎င်းက ဆိုသည်။
ပွင့်လင်းရာသီသို့ ရောက်ရှိလာခြင်းဖြစ်၍ သံတွဲမြို့သို့ ဘုရားဖူးဧည်သည့်များ ၊အပန်းဖြေခရီးလာရောက်သူများ များပြားလျက်ရှိရာ မြို့သန့် ရှင်းသာယာလှပရေးကို သံတွဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းအတွက် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းဘေးဝဲယာများ၌ ကျူးကျော်ဆောက်လုပ်ထားသော ဆိုင်ခန်းများ၊ အဖီများအား ဇန်နဝါရီလ ၈ရက်နေ့တွင် နောက်ဆုံးထား၍ ဖျက်သိမ်းပေးရန် အကြောင်းကြားထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဇန်နဝါ ရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် လက်လုပ်လက်စားများဖြစ်ကာ ယင်းဆိုင်ခန်းတစ်ခုကိုသာ အားထားစားသောက်နေရခြင်းဖြစ်ပြီး လက်ရှိတွင် ဆိုင်ခန်းများကို ဖျက်သိမ်းခံရသည့်အတွက် စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်နေရသည်ဟု ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်မှာ သံတွဲသို့ လာရောက်ရန် ရှိနေသည့်အတွက် လမ်းဘေးဈေးဆိုင်ခန်းများကို ဖျက်သိမ်းခြင်းနှင့် စစ်ခေါင်းဆောင် ဖြတ်သွားမည် လမ်းမတစ်လျှောက် ရှိ အုတ်နံရံများကို ဆေးအဖြူရောင်သုတ်ကာ ပြင်ဆင်နေကြောင်း သံတွဲမြို့မှ တက်ကြွလူပ်ရှားသူတစ်ဦးက ပြောသည်။
“ သူတို့ ခေါင်းဆောင်လာမယ်ဆိုပြီးတော့ မြို့တွေကို သန့်ရှင်ရေးလုပ်နေတာတွေရှိတယ်။ နောက်ပြီး သူတို့ဖြတ်သွားမယ့်နေရာတွေက အုတ်နံရံတွေကိုလည်း ဆေးအဖြူရောင်တွေ တောက်လျှောက်သုတ်နေတယ်။ လမ်းမ ဘေးတွေက ဆိုင်ခန်းတွေကိုလည်း ဖြိုခိုင်းထားတာပေါ့။ ဒါကတော့ ကျနော်အနေနဲ့ မဖြစ်သင့်ဘူးလို့မြင်တယ်။ ဈေးသည်တွေရဲ့ စားဝတ်နေရေးအခြေအနေကိုလည်း သူတို့ ကြည့်သင့်တာပေါ့။ ”ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ သံတွဲ၊ အမ်းမြို့များသို့ ခရီးသွားရောက်ရန် ရှိနေကြောင်း စစ်ကောင်စီအ သိုင်းအဝိုင်းထံမှ သိရသည်။ mizzima