Monthly Archives: Jan 2023

ရေဖြူတွင် အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦး ပစ်ခတ်ခံရ၊ ပလမြို့ရဲစခန်းက ကျေးရွာများကို ပစ်ခတ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က သပြေဇွန်း၊ လဲရှောင်နဲ့ ပိတောက်ကုန်းရွာတွေမှာ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်က သေနတ်နဲ့ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးအပါအဝင် သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦးရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာက အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ သူ့နေအိမ်မှာပဲ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပြီး ဦးကျော်ဝင်းဟာ ထားဝယ်ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနက်အစောပိုင်းမှာ ရေဖြူမြို့နဲ့ သပြေဇွန်းရွာအကြား လမ်းပိုင်းတနေရာမှာ အမည်မသိ မျက်နှာစိမ်း (ဒေသခံမဟုတ်သူ) အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းကို သေနတ်ဒဏ်ရာနဲ့ လက်ပြန်ကြိုးတုပ်လျက် အနေအထားနဲ့ တွေ့ရှိခဲ့ပါတယ်။ သပြေဇွန်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းမှာလည်း နဘုလယ်ဒေသ လဲရှောင်ရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးသိန်း ဘိလိယက်ခုံတခုမှာ ရှိနေစဉ် T.PDF အဖွဲ့က လာရောက် ခေါ်ယူပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဦးစိုးသိန်းဟာ အရင် အစိုးရ ၂ ဆက်လက်ထက်မှာ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာတော့ အရပ်လူကြီးပုံစံနဲ့ ရပ်ရွာကိစ္စလုပ်နေတာမျိုးရှိပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးရှိမရှိကိုတော့ အတိအကျ မပြောနိုင်ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ရေဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ ပျူစောထီး၊ စွန်ရဲ၊ သွေးသောက်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်မှုတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု ၅၉ မှုအထိ ရှိခဲ့ပြီး တနင်္သာရီတိုင်းဟာ အရပ်သားသေဆုံးမှု ဒုတိယအများဆုံးမြို့နယ် ဖြစ်တယ်လို့ Sounther Monitor အဖွဲ့ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့နယ်မှာတော့ တိုကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်ခတ်လို့ နေအိမ်နဲ့ ကျွဲနွားတွေ ထိခိုက်ဆုံးရှုံးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်ကစပြီး ပလမြို့ရဲစခန်းကနေ တိုကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေခဲ့တာပါ။

“ပလရဲစခန်းကနေ လက်နက်ကြီးတွေ ခဏခဏပစ်နေတာ သုံးရက်လောက်ရှိပြီ။ တိုက်ပွဲဖြစ်တာမရှိဘဲ ရွာထဲကို ရမ်းသန်းပစ်နေတာ။ အိမ်‌ တွေနဲ့ ကျွဲတွေနွား‌တွေ တချို့ ထိခိုက်မှုရှိတယ်။ လူတွေတော့ ထိခိုက်မှုသိပ်မရှိဘူး။ ရွာမှာက လူသိပ်မနေကြတော့ဘူးလေ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပလရဲစခန်းကနေပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ တိုကျေးရွာနားက တန်းရှင်းရွာဘက်ကိုလည်း ကျရောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုရွာဘက်ကို ဦး‌တည်ပြီး လက်နက်ကြီးတွေနဲ့ပစ်နေတာ၊ တန်းရှင်းရွာဘက်ကိုတောင် လက်နက်ကြီးတွေ လာကျနေတယ်။ ဘာကြောင့်ပစ်နေတာလဲတော့ မသိဘူး။ တိုရွာမှာက ရှေ့တခေါက် တိုက်ပွဲဖြစ်ပြီးကတည်းက လူသိပ်မနေတော့တာလေ” လို့ ကျေးရွာနေ ပြည်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစပိုင်းလောက်ကလည်း စစ်ကောင်စီတပ်က တိုကျေးရွာထဲကို ဝင်ရောက်မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်တွေအများကြီး မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။

အဲဒီနောက်ပိုင်း မကြာခဏဆိုသလို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးနေတာကြောင့် ရွာသားတွေဟာ ရွာကိုစွန့်ပစ်ထွက်ပြေးနေကြပြီး အခုအချိန်ထိ ပုံမှန်မနေထိုင်ကြသေးဘူးလို့လည်း သိရပါတယ်။ DVB

KIA မှ ဒုတပ်မဟာမှူးအပါအဝင် ၇၀ ကျော်သေဆုံးဟု ပျံ့နှံ့နေသည့် သတင်းမှား

ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၂) နယ်မြေ တွင် စစ်ကောင်စီမှ လေကြောင်းမှတိုက်ခိုက်ခဲ့ရာ KIA ဒုတပ်မဟာမှူးအပါအဝင် တပ်သား ၇၀ ကျော် သေဆုံးခဲ့သည်ဆိုသောသတင်းပျံ့နေသည်။ အဆိုပါအချက်အလက်မှာ မှားယွင်းနေသည်။

“မှိုင်းဝေ” ဟူသည့် တယ်လီဂရမ်ချန်နယ်မှ “ KIA နဲ့ KNU က မွင်းငါးများ အပြိုင်ရောင်းနေ” ဟုဆိုကာ “မနေ့ညက တနိုင်းဘက်မှာရှိတဲ့ KIA တပ်မဟာ(၂) ဌာနချုပ်ကို လင်းယုန်တွေအစာကောက်၊ တမဟ(၂) ဒုတပ်မဟာမှူးအပါအဝင် ၇၀ကျော် ဘုရားသခင်ထံရောက်”ဟု (မူရင်းအရေးအသားအတိုင်း) စတင်ဖြန့် ဝေခဲ့သည်။

အဆိုပါသတင်းကို တယ်လီဂရမ်ချန်နယ် ခြောက်ခုတွင်ဖြန့်ဝေထားပြီး ကြည့်ရှုသူပေါင်း ၃၀,၀၀၀ ကျော် နေပြီဖြစ်သည်။ ဖေ့စ်ဘုတ်တွင်လည်း အကောင့်ပေါင်း ၄၀ ကျော်မှ ထိုသတင်းမှားကို ဖြန့်ဝေထားကြ သည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးချက်များအရ ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်သည့် Kachin News Group မှ ဇန်န ဝါရီလ ၉ ရက်နေ့တွင် KIA တပ်မဟာ (၂) နှင့် (၉) ဘက်တွင် လေကြောင်း တိုက်ခိုက်ခံရကာ တပ်မဟာ(၂)တွင် KIA ဝန်ထမ်းသုံးဦး ထိခိုက်မှုရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြ ထားသော်လည်း ဒုတပ်မဟာမှူးအပါအဝင် တပ်သား ၇၀ ကျော် သေဆုံးခဲ့သည်ဟု ဖော်ပြထားခြင်း မရှိပေ။ သတင်းဖတ်ရန်လင့် – https://bit.ly/3Zu5O7X

ထို့ပြင် အဆိုပါ KIA မှ တပ်သား ၇၀ ဦး ကျဆုံးသည်ဆိုသည့်အချက်ကို Kachin News Group မှလည်း သတင်းအမှားဖြစ်ကြောင်း ဖော်ထုတ်ထားသည်။ လင့် – https://bit.ly/3iE2k1X

Myitkyina News Journal ကလည်း “ဇန်နဝါရီလ ၉ ရက်နေ့တွင် စစ်ကောင်စီမှ KIA တပ်မဟာ(၂) ဘက် ကို ဗုံး ၃ ကြိမ်လာကျဲရာ ဆေးခန်းတည့်တည့်ကျသဖြင့် ဆေးဆရာမတစ်ဦးသေဆုံးခဲ့ပြီး တပ်မဟာ(၂) ဘက်ကတစ်ဦးထိသွားတယ်။ ပြင်းပြင်းထန်ထန်ဖြစ်သွားတာမရှိဘူး”ဟု မြစ်ကြီးနားဂျာနယ် ရေဒီယို အစီအစဉ်တွင် ဖော်ပြထားသည်။ လင့် – https://bit.ly/3QO1kFr

အဆိုပါသတင်းနှင့်ပတ်သက်၍ KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်း ရာတွင် “အဲဒီရက်တွေတုန်းက စစ်ကောင်စီကနေ ကျနော်တို့ တပ်မဟာ(၂)ဌာနချုပ်ဘက်ကို လေကြောင်း နဲ့တိုက်တာတော့ရှိပါတယ်။ မြေပြင်တိုက်ပွဲတော့ မရှိဘူး။ အထိအခိုက် အနည်းအကျဉ်းတော့ရှိပေမယ့် ဒုတပ်မဟာမှူးအပါ ၇၀ ကျော်သေတာက ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ လုံးဝအမှားကြီးပါ” ဟု(ရယ်လျက်) မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် KIA တပ်မဟာ(၂)ဘက်တွင် ဒုတပ်မဟာမှူးအပါအဝင် တပ်သား ၇၀ ကျော် ကျဆုံးခဲ့သည်ဆို သည်မှာ သတင်းမှားတစ်ပုဒ်သာ ဖြစ် သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

ရွှေဘိုရှိ ယူနက်စကို အသိအမှတ်ပြု ကံကြီးတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဘုန်း ကြီးကျောင်းများပါ ပြာကျ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ယူနက်စကို အသိအမှတ်ပြု ကံကြီးတောရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က ကံကြီးတောရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ်များ အပြင် ဘုန်းကြီးကျောင်းများပါ မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

“ရွှေဘိုမြို့နယ် ကံကြီးတောက ပျူသမိုင်းဝင် ယူနက်စကို အသိမှတ်ပြုရွာပါ ဟန်လင်း ခွေးခြံ မှာရှိနေတဲ့ စစ်ခွေးတွေက မီးဝင်ရှို့သွားတာ ဘုန်ကြီးကျောင်းတွေပါ မီးလောင် ပြာကျသွားပါတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသ ခံ ပြည်သူတစ်ဦးကပြောဆိုသည်။ khit thit

မြန်မာ့အရေး အရှိန်မြှင့်အရေးယူဆောင်ရွက်ရန် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကို HRW တိုက်တွန်း

၂၀၂၃ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှိန်မြှင့် အရေးယူလုပ်ဆောင်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်းလိုက်ပါတယ်။

HRWအဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ အလိန်း ပီယာဆန်က “ဒါဟာ အင်ဒိုနီးရှားနိုင်ငံအတွက် နောက်တဆင့်ထပ်လှမ်းဖို့ အခွင့်အရေးပါပဲ။ ကမ္ဘာ့အရေးတွေမှာ အင်ဒိုနီးရှားနိုင်ငံက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့ ဆန္ဒပြင်းပြတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း G20 အစည်းအဝေးကို အောင်မြင်အောင် လက်ခံကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌနေရာကို အကျိုးရှိ ထိရောက်အောင် အသုံးချပြီး မြန်မာနိုင်ငံက အကျပ်အတည်း ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ တိုက်တွန်းပါတယ်” လို့ ဒီနေ့ သ တင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့ရေးရာ အစီရင်ခံစာထဲမှာ “ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာပြီး” နယ်စပ်ဒေသတလျှောက်ကိုပါ ပျံ့နှံ့လာတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက် အန္တရာယ် ဖြစ်လာစေနိုင်မယ့်အပေါ်မှာ စိုးရိမ်မှုရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် အများအပြားဟာ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှိနိုင်ငံတို့လို အိမ်နီးချင်းနိုင်ငံတွေအပြင် မွတ်ဆလင်အများစုနေထိုင်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံ တွေကိုပါ နှစ်ပေါင်းများစွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဘင်္ဂလားဒေ့ရှိနိုင်ငံမှာလည်း ရိုဟင်ဂျာ ၁ သန်းနီးပါးဟာ လူတွေ ပြွတ်သိပ်ကျပ်နေတဲ့ အခြေအနေတွေမှာ နေထိုင်နေရပြီး အဲ့ဒီထဲက ရိုဟင်ဂျာ ရာပေါင်း၊ ထောင်ပေါင်းများစွာက ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကနေ ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်က ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ထားပါတယ်။ DVB

လေပိုင်နက်ကျော်လွန်အသုံးပြုနေသည့် စစ်ကောင်စီကို ပြင်းထန်စွာအရေးယူရန် အိမ် နီးချင်းနိုင်ငံများကို NUG တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီသည် လေပိုင်နက်ကျော်လွန်အသုံးပြုပြီး မြန်မာပြည်သူ များကို သတ်ဖြတ်နေရုံမျှသာမက အိမ်နီးချင်းနိုင်ငံများမှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု ကိုပါ ခြိမ်းခြောက်နေသည့်အတွက် ပြင်းထန်စွာအရေးယူရန်အတွက် အိမ်နီးချင်းနိုင်ငံများကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

စစ်ကောင်စီမှ ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့က ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် အိန္ဒိယနိုင်ငံလေပိုင်နက်အတွင်းမှ ဝင်ရောက် တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး NUGက ယခုကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်မှူအတွင်း ချင်းအမျိုးသားတပ်ဦးမှ ရဲမေ နှစ်ဦးနှင့် ရဲဘော်သုံးဦးကျဆုံးခဲ့ရပြီး ပြင်ပလူနာ ဆောင်နှင့် လူနေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ လ ၂၃ ရက်နေ့ကလည်း ကချင်ပြည် နယ်၊ ဖားကန့်မြို့နယ် မြောက်ဘက်ရှိ အနန့်ပါရွာတွင် ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းခြင်း (၆၂) နှစ်ပြည့် အထိမ်းအမှတ်တေးဂီတပွဲကျင်းပနေစဉ် တိုက် လေယာဉ် များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် KIA မှ တပ်မဟာမှူးတစ်ဦးအပါအဝင် အရာ ရှိ၊ စစ်သည်များ၊ အနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အရပ်သား စုစုပေါင်း လူဦးရေ ၁၀၀ ကျော် သေဆုံး ခဲ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ သည် လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

အထူးသဖြင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အကြိမ်ကြိမ် ပြုလုပ် ခဲ့ပြီး စုစုပေါင်း ၄၆၀ ဦးကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်း NUGကဆိုသည်။

ပြီခဲ့သည့်နှစ်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သည့် ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့ များ ကြားတိုက်ပွဲများတွင်လည်း စစ်ကောင်စီသည် ထိုင်းနိုင်ငံလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

စစ်ကောင်စီ၏လုပ်ရပ်များသည် အကြမ်းဖက်မှုများရပ်တန့်ရန်တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံဖြတ်ချက်များကို ချိုးဖောက်နေပြီး မြန်မာ့အရေးပြေလည်စေရန် နိုင်ငံတကာ၏ ကြိုးပမ်းမှု များကို လျစ်လျူရှုနေခြင်းဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအပါအဝင် ပြည်သူလူထုကိုကိုယ်စားပြုသည့် မြန်မာ့တော်လှန်ရေးအင်အားစုများ နှင့် ခိုင်ခိုင်မာမာလက်တွဲ ဆောင်ရွက်သင့်သည်ဟုလည်း NUG ကအလေးအနက်တိုက်တွန်းထားသည်။mizzima

ဆားလင်းကြီးတွင် စစ်တပ်က ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၁၀ ခုကျော်မှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အင်အား ၇၀ ခန့်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက်ပိုင်းတွင် ပိုင်းတောင်ကြီးကျေးရွာနှင့် ကျောက်မှော်ကျေးရွာတို့ကို မီးရှို့ ဖျက်ဆီးခဲ့​ပြီး မွန်းလွဲပိုင်းတွင် ဖောင်ကထာကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမီးရှို့မှုကြောင့် ပိုင်းတောင်ကြီး၊ ကျောက်မှော်၊ ထန်းပု၊ ထန်းဇင်၊ မယ်ဇလီကန်၊ ဥသျှစ်ပြား၊ ဖောင်းကထာ ၊သဲကောကြီး၊ အေးကုန်း၊ လယ်တီ၊ ဆည်တည်း၊ တုံကျေးရွာ အစရှိသည့်ကျေးရွာ ၁၀ ခုကျော်မှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဇန်နဝါရီ ၁၀ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်းအတွင်း အကြမ်းဖက် စစ်တပ် မော်တော်များကို ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့ပြီးနောက် စစ်သား၂၀ခန့်သေဆုံးခဲ့သောကြောင့် အနီးနားကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ khit thit

စစ်ကောင်စီ၏ရွေးကောက်ပွဲကို ကူညီသူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု CNDF ကြေညာ

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အထမြောက်အောင်ကူညီမယ့် ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ ဒုတိယအကြိမ် ညီလာခံကနေ ထုတ်ပြန်လိုက်ပါတယ်။

ညီလာခံကို စစ်ဌာနချုပ်ရုံးမှာ ဇန်နဝါရီ ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး CNO Defense Council, War Office နဲ့ တပ်မဟာ ၄ ခုက ညီလာခံကိုယ်စားလှယ် အယောက် ၆၀၊ စောင့်ကြည့်လေ့လာသူ အယောက် ၃၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ အထက်ချင်းတွင်းဒေသအတွင်း မလုပ်ဖို့အတွက် CNO/CNDF က လုံးဝတားမြစ်တဲ့ အကြောင်းနဲ့ တားမြစ်နေတဲ့ကြားက အဲဒီရွေးကောက်ပွဲကို အထမြောက်အောင် ကူညီမယ့် ဘယ်လိုပုဂ္ဂိုလ်မျိုးမဆို CNO/CNDF က ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း ညီလာခံထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ပြီးတော့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဌာနအသီးသီးနဲ့ တပ်မဟာ၊ တပ်ရင်းအလိုက် ၁ နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်တွေရဲ့ လှုပ် ရှားမှုတွေကို အစီရင်ခံတာ၊ ဘဏ္ဍာရေး အစီရင်ခံစာ တင်သွင်းတာ၊ ၁ နှစ်တာ လုပ်ငန်းဆောင်ရွက်တာတွေအပေါ် ပြန်လည်သုံးသပ်တာနဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တပ်မဟာ ၄ ခုနဲ့ စစ်ဌာနချုပ်ရုံးရဲ့ တာဝန်ခွဲဝေယူတာတွေ၊ နယ်မြေသတ်မှတ်တာ၊ ငွေကြေးစီမံမှုဆိုင်ရာ ပေါ်လစီတွေ၊ နေ့ထူးနေ့မြတ်သတ်မှတ်တာ၊ စည်းမျဉ်းစည်းကမ်း စစ်ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ရေးအတွက် စစ်ဘက်ဆိုင်ရာ တရားရုံးကို တပ်မဟာအဆင့်၊ စစ်ဌာနချုပ်ရုံးအဆင့်နဲ့ Defense Council အဆင့်လို့ သတ်မှတ်ပြဋ္ဌာန်းပြီး အများပြည်သူ အားကိုးအားထားပြုထိုက်တဲ့ တပ်ဖွဲ့ဖြစ်နိုင်ရေးကို မူဝါဒတွေ ချမှတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

CNO/CNDF အနေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ် ပေါက်ရေးအတွက် တော်လှန်ရေး အင်အားစုတွေနဲ့အတူ ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။DVB

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ထိထိရောက်ရောက် ဟန့်တားကြရန် TNLA တိုက်တွန်း

အာဏာသိမ်း စစ်ကောင်စီက စစ်အာဏာရှင်စနစ် အဆက်ဆက် အာဏာတည်မြဲရေးအတွက် ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို တော်လှန်ရေးနယ်မြေအသီးသီးတွင် ထိထိရောက် ဟန့်တားကြရန် TNLA ၏ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်တွန်းလိုက်သည်။

“စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မယ့် ဘယ်လိုထောက်ပံ့မှုမျိုးကိုမဆို “ ဟန့်တားကြရန် TNLA ၏ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ကျရောက်သော နှစ် (၆၀) ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ထိုသို့ တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် နိုင်ငံရေး ပဋိပက္ခအတွင်းမှာ တော်လှန်ရေးအင်အားစုများအချင်းချင်း အပြန်အလှန် ကူညီထောက်ပံ့မှုဖြင့် အာဏာသိမ်းစစ်တပ်ကို လက်တွေ့ကျသည့် နည်းဗျူဟာများဖြင့် တိုက်ခိုက်ကြရန် လိုအပ်ကြောင်းလည်း ဆိုသည်။

သို့သော်လည်း တစ်ဖက်မှာ ဒေသခံများ၏ လူမှုရေး၊ စီးပွားရေးနှင့် လုံခြုံရေးကိုလည်း အလေးထားရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

ယခုအချိန်တွင် စစ်အာဏာရှင်ဘက်က အကြောက်တရားများ ဖန်တီးနေသော်လည်း လူထုတစ်ရပ်လုံးက စစ်အာဏာရှင် အလိုမရှိကြောင်း တုံ့ပြန်နေခြင်းဖြစ်၍ နိုင်ငံတကာ ခေါင်းဆောင်များအနေဖြင့်လည်း တော်လှန်ရေးအင်အားစုများကို ကူညီပေးကြရန် TNLA က တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံအနှံ့မှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရပြီး ယခုနှစ်တွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်နိုင်သည့်အတွက် လေကြောင်းအန္တရာယ် သတိရှိကြရန်လည်း တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ယခု ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် လျာထားသော်လည်း နိုင်ငံအနှံ့မှာ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်၍ ရွေး ကောက်ပွဲကျင်းပရန် မရေရာသော အခြေအနေဖြစ်သည်ဟု လေ့လာသူများက ပြောသည်။ mizzima

« Older Entries