မဟူရာလက်စွပ်နှင့် iPhone 13 Proတို့ကို ရှေ့တန်းနယ်မြေရောက် ဆရာမက တော် လှန်ရေးအတွက် ကံစမ်းမဲဖောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ရှေ့တန်းနယ်မြေက ကထိက ဒေါ်ရတီအုန်း(အစိုးရနည်းပညာအ ထက်တန်းကျောင်း – ကလေးမြို့)က တော်လှန်ရေးအတွက် အဓိကလိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် ၎င်းပိုင်ဆိုင်သည့် မဟူရာကို ကျောက်ဖြူရံထားသည့်လက်စွပ်နှင့် iPhone 13 Proတို့ကို ကံစမ်းမဲဖောက် ရောင်းချလျက်ရှိကြောင်း သိရသည်။
ဆရာမ ဒေါ်ရတီအုန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကစ၍ iPhone 13 Proကို ကဲစမ်းမဲဖောက်ရောင်းချပြီး အစောင် ၅၀၀သာ ရောင်းကုန်ပြီး လိုအပ်သည့် ငွေပမာဏမရသေးသည့်တွက် ဇန်နဝါရီမှစကာ မဟူရာကို ကျောက်ဖြူရံထားသည့်လက်စွပ်ကိုလည်း ထပ်မံမဲဖောက်ရောင်းချနေသည် ဟု ၎င်းက ဆိုသည်။
“ဖုန်းက ကျမတပည့်တွေဝယ်ကန်တော့ထားတာ။ ဖုန်းရောင်းတာလည်းအစောင် ၅၀၀ လောက်ပဲရတော့ ကျမရဲ့ လက်စွပ်ပါ ထပ်ထည့်တာပါ။ ရရှိလာတဲ့ငွေကို တလရ အတွက်ပဲ အသုံးချမှာပါ။ တစ်ပြည်လုံး ကျပ်တည်းလာချိန် ကျမတို့မှာက လိုအပ်ချက် ပိုများလာချိန်ဖြစ်နေလို့ပါ” ဆရာမ ဒေါ်ရတီအုန်းက မဇ္ဈိမကို ပြောသည်။
ကမ်းစမ်းမဲတစ်စောင်ကို ငွေကျပ် ၁၀,၀၀၀ သတ်မှတ်ထားပြီး ရရှိလာသည့်ငွေများအား ကြားကာလပညာသင်ကြားရေး၊ စစ်ဘေးရှောင်များပြန်လည်ထူထောင်ရေး နှင့် စစ်ရှောင်အမျိုးသမီးများအတွက် အပ်ချုပ်သင်တန်း ဖွင့်နိုင်ရေးများအတွက် အဓိကအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ကလေးမြို့နယ်အတွင်းက စစ်ဘေးရှောင်များကူညီရေး၊ ကြားကာလပညာသင်ကြားရေးများတွက် ပါဝင်လှူဒါန်းလိုပါက ဆရာမ၏ လူမှုကွန် ရက်စာမျက်နှာ https://www.facebook.com/daw.radiohm.7 မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပြီး NUG Pay ဖြင့်လည်း ငွေထည့်လှူဒါန်းနိုင်ကြောင်းလည်း ဆိုသည်။
“၂၀၂၀ မဲပေးအမှတ်တရမှာလည်း ဒီလက်စွပ်၊ ၅၀၅ ဝရမ်းနဲ့ သူရဲကောင်းမှတ်တမ်းတင်ပုံမှာလည်း ဒီလက်စွပ်၊ ရက် ၇၀၀ ပြည့် သပိတ်ဟော ပြောပွဲမှာလည်း ဒီလက်စွပ်၊ စုမေမေနဲ့ ကျမ ဆင်တူရှိတာလဲ ဒီလက်စွပ်ပါပဲ” ဟု ဆရာမက ကံစမ်းမဲဖောက်ပေးသည့် လက်စွပ်အပေါ် သူ၏ တန်ဖိုးထားပုံကိုလည်း ပြောပြသည်။
ကျောင်းဆရာမ ကထိက ဒေါ်ရတီအုန်း(အစိုးရနည်းပညာအထက်တန်း ကျောင်း – ကလေးမြို့)သည် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကာ စာသင်ခန်းအားစွန့်ခွာပြီး ရှေ့တန်းတိုက်ပွဲနေရာအထိ ရောက်ရှိတိုက်ပွဲဝင်ခဲ့သည့်အပြင် ယခုအခါ စစ်ဘေးရှောင်များ ပြန်လည်ထူထောင်ရေး၊ ကြားကာလပညာရေး စသည့်ပိုင်းများတွင် စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်နေသူ တစ်ဦးဖြစ်သည်။ mizzima