မွန်ပြည်နယ် ရေးမြို့တွင် ဒုရဲမှူးတစ်ဦး တိုက် ခိုက်ခံရ


မွန်ပြည်နယ် ရေးမြို့တွင် ဒုရဲမှူးတစ်ဦးကို တော်လှန်ရေးအဖွဲ့တစ်ခုက ယမန်နေ့ (ဇန်နဝါရီ ၁၁) ည ၈နာရီခန့်တွင် အဝေးထိန်းမိုင်းဖြင့် တိုက် ခိုက်သည်။
ရေးမြို့၊ အောင်သုခရပ်ကွက်ရှိ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် ဒုရဲမှူး လှိုင်မင်းသန့် ဆိုသူကို ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF) ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ထိုနေရာတွင် မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့သည်မှာ မှန်ကန်သည်ဟု ရေးမြို့အခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းဝင်တစ်ဦးကလည်း အတည်ပြုသည်။
တိုက်ခိုက်မှုကြောင့် ဒုရဲမှူး လှိုင်မင်းသန့် သေဆုံးသွားသည်ဟု YGF ဘက်ကဆိုသည်။ အထက်ပါ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်ကမူ ဒုရဲမှူးမှာ မိုင်းစထိမှန် ဒဏ်ရာသာရပြီး အသက်အန္တရာယ်မစိုးရိမ်ရ ဟု ပြောသည်။
YGFသည် ဇန်နဝါရီ ၉ရက်ကလည်း ရေးမြို့နယ် လမိုင်းမြို့တွင် ရဲအုပ်တစ်ဦးကို ပစ်သတ်ခဲ့သလို ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းကလည်း နှစ်ကရင်ကျေးရွာရှိ ရဲစခန်းနှင့် ကြိုးတံတားကျေးရွာ စစ်ကောင်စီစခန်းတို့ကိုလည်း တိုက်ခိုက်ခဲ့သည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။
အာဏာသိမ်းပြီး နှစ်နှစ်ကြာချိန်အထိ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေဆဲဖြစ်သည်။myanmar now