ရေစကြိုမြို့နယ် လ.၀.က ရုံး နှင့် စာရွက်စာ တမ်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ မီးရှို့ဖျက်ဆီး
စစ်ကောင်စီကပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူရန် ပြင်ဆင်နေသည့် မကွေးတိုင်း ရေစကြိုမြို့ နယ် လူဝင်မှုကြီးကြပ်ရေး (လ.၀.က) ရုံး နှင့် ၎င်းရုံးရှိ စာရွက် စာတမ်းများကို ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၎င်းက “ မနေ့ည ၁၁ ခွဲလောက်မှာ ရုံးနားကပ်ပြီး အထဲက စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်၊ အဓိကအကြောင်းအရင်းက စကစ ရဲ့ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ကို လ၀က က လူစာရင်းတွေကောက်ဖို့ စီစဉ်နေတယ်နေတယ်လို့ သိရတဲ့အတွက်ကြောင့် ကျတော်တို့က လ၀က ရုံးကို ကြိုတင်ပြီးတော့ မီးရှို့တာပါ” ဟု ပြောသည်။
လ၀က ရုံးကို ဝင်ရောက်စီးနင်းချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှိသည့်အတွက် တစ်စုံတစ်ရာ ပစ်ခတ်တိုက်ခိုက်မှုများ မရှိဘဲ ရုံးတွင်နေ ထိုင် သည့် ဝန်ထမ်းများကို ဖမ်းမိခဲ့သော်လည်း CDM ပြုလုပ်ရန် ပြောဆိုပြီး လွှတ်ပေးခဲ့ကြောင်း ဆိုသည်
“ လ၀က ရုံးမှာ စစ်တပ် အစောင့်မရှိဘူး၊ ဒါပေမယ့် ရုံးနေဝန်ထမ်းတွေ ရှိတယ်၊ ဖမ်းမိတဲ့ ရုံးနေဝန်ထမ်းတွေကို ကျတော်တို့နဲ့ အတူ CDM လုပ်ဖို့တိုက်တွန်းပြီးတော့ သူတို့ကို အဲ့နေရာမှာထားခဲ့တယ်” ဟု ရေစကြိုမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ က တာဝန်ရှိသူတစ်ဦးက ပြောသည်။
လူဝင်မှုကြီးကြပ်ရေး ရုံးကို မီးရှို့လိုက်သည့် အတွက်ဒေသခံပြည်သူတွေမှာ မှတ်ပုံတင် ပြုလုပ်ဖို့အတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်သော် လည်း မလုပ်မဖြစ်သည့်ကိစ္စဖြစ်သည့်အတွက် ယခုကဲ့သို့ လ၀က ရုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပေါ် ပြည်သူတွေအနေနဲ့ နားလည်လက်ခံနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။
ယင်းအပြင် စကစ က ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ဘဲ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်မှုမှန်သမျှကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
“ ဒီရွေးကောက်ပွဲကို ကျတော်တို့အနေနဲ့ လုံး၀ လက်ခံနိုင်စရာအကြောင်းမရှိဘူး၊ ကျတော်တို့ ပြည်သူဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ခဲ့တဲ့ ကျတော်တို့ရဲ့မဲတွေကိုလည်း သူတို့က ဖျက်လို့ ဖျက်ဆီးလုပ်ခဲ့တယ်။ နောက်ပြီးတော့ မတရားအာဏာသိမ်းခဲ့တဲ့အပေါ်မှာ ကျတော်တို့ အနေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကို လုံး၀လက်ခံမှာ မဟုတ်ဘူး “ ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော်ဝေကြီး က ပြောသည်။
စစ်ကောင်စီသည် ယခုအခါ ရွေးကောက်ပွဲကျင်းပရန်အတွက် လူဦးရေ စာရင်းများ ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံး၀လက်ခံမည်မဟုတ်ဘဲ ဆန့်ကျင်တော်လှန်ကြရန်ပြောဆိုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG )ကလည်း လူဦး ရေစာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်သူများကို အကြမ်းဖက်ဥပဒေဖြင့် ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ mizzima