လေပိုင်နက်ကျော်လွန်အသုံးပြုနေသည့် စစ်ကောင်စီကို ပြင်းထန်စွာအရေးယူရန် အိမ် နီးချင်းနိုင်ငံများကို NUG တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီသည် လေပိုင်နက်ကျော်လွန်အသုံးပြုပြီး မြန်မာပြည်သူ များကို သတ်ဖြတ်နေရုံမျှသာမက အိမ်နီးချင်းနိုင်ငံများမှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု ကိုပါ ခြိမ်းခြောက်နေသည့်အတွက် ပြင်းထန်စွာအရေးယူရန်အတွက် အိမ်နီးချင်းနိုင်ငံများကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
စစ်ကောင်စီမှ ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့က ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် အိန္ဒိယနိုင်ငံလေပိုင်နက်အတွင်းမှ ဝင်ရောက် တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး NUGက ယခုကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တိုက်ခိုက်မှူအတွင်း ချင်းအမျိုးသားတပ်ဦးမှ ရဲမေ နှစ်ဦးနှင့် ရဲဘော်သုံးဦးကျဆုံးခဲ့ရပြီး ပြင်ပလူနာ ဆောင်နှင့် လူနေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ လ ၂၃ ရက်နေ့ကလည်း ကချင်ပြည် နယ်၊ ဖားကန့်မြို့နယ် မြောက်ဘက်ရှိ အနန့်ပါရွာတွင် ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းခြင်း (၆၂) နှစ်ပြည့် အထိမ်းအမှတ်တေးဂီတပွဲကျင်းပနေစဉ် တိုက် လေယာဉ် များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် KIA မှ တပ်မဟာမှူးတစ်ဦးအပါအဝင် အရာ ရှိ၊ စစ်သည်များ၊ အနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အရပ်သား စုစုပေါင်း လူဦးရေ ၁၀၀ ကျော် သေဆုံး ခဲ့ရသည်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ သည် လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
အထူးသဖြင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အကြိမ်ကြိမ် ပြုလုပ် ခဲ့ပြီး စုစုပေါင်း ၄၆၀ ဦးကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်း NUGကဆိုသည်။
ပြီခဲ့သည့်နှစ်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သည့် ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့ များ ကြားတိုက်ပွဲများတွင်လည်း စစ်ကောင်စီသည် ထိုင်းနိုင်ငံလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
စစ်ကောင်စီ၏လုပ်ရပ်များသည် အကြမ်းဖက်မှုများရပ်တန့်ရန်တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံဖြတ်ချက်များကို ချိုးဖောက်နေပြီး မြန်မာ့အရေးပြေလည်စေရန် နိုင်ငံတကာ၏ ကြိုးပမ်းမှု များကို လျစ်လျူရှုနေခြင်းဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအပါအဝင် ပြည်သူလူထုကိုကိုယ်စားပြုသည့် မြန်မာ့တော်လှန်ရေးအင်အားစုများ နှင့် ခိုင်ခိုင်မာမာလက်တွဲ ဆောင်ရွက်သင့်သည်ဟုလည်း NUG ကအလေးအနက်တိုက်တွန်းထားသည်။mizzima