ဟားခါးမြို့တွင် ဈေးဆိုင်များပိတ်ပြီး ဗစ်တိုးရီးယားစခန်းနှင့် ထပ်တူဝမ်းနည်းကြောင်းပြသ


ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဈေးဆိုင်ခန်းများအကုန်လုံးပိတ်ကြပြီး လေကြောင်းတိုက်ခိုက်မှုခံရသည့် ချင်းအမျိုးသားတပ်မတော် (CNA/ CNF) ဌာနချုပ်(ဗစ်တိုးရီးယားစခန်း) နှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ပြသကြသည်။
ဇန်နဝါရီလ ၁၀ရက်၊ ညနေ ၄ နာရီခွဲတွင် ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသား တပ်ဦး/တပ်မတော် (CNF/CNA) ဌာနချုပ် (ဗစ်တိုးရီးယားစခန်း) ကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲဘော် ငါးဦး ကျဆုံးခဲ့သည်။
Halkha Campaign For Justice အဖွဲ့မှ သေဆုံးထိခိုက်ဒဏ်ရာရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဟားခါးမြို့ရှိ ဈေးဆိုင်များနှင့် ကိုယ်ပိုင်စီးပွားရေးဆိုင်ရာလုပ်ငန်းများ မဖွင့်လှစ်ရန် ယမန်နေ့ ညနေပိုင်းက အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုက်တွန်းနှိုးဆော်ထားသည်။
ဗုံးကြဲမှုကြောင့် ကျဆုံးသွားသည့် ရဲဘော်များတွင် ဆလိုင်း ဗန်ကျဲအို၊ မိုင် ငွန်လှေပါရ်၊ မိုင် ရွှေလဲန်ပါရ်၊ ဆလိုင်းဒုသင် နဲ့ ဆလိုင်း ကီလ်မန် တို့ပါဝင်ကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးဖြင့် ဗုံးငါးလုံး ချခဲ့ခြင်းဖြစ်ပြီး ဗုံးတစ်လုံးမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) မှလည်း ပြင်းထန်စွာ ရှုတ်ချထားသည်။
လေကြောင်းမှ ဗုံးကြဲမှုသည် လူမဆန်သောလုပ်ရပ်ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ် အကုန်အထိ အပစ်အခတ်ရပ်စဲမည်ဟူသော စစ်ကောင်စီ၏ ဖော်ထုတ်ပြောဆိုချက်သည် အလိမ်အညာသက်သက်ဖြစ်ကြောင်း ဝန်ခံနေခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ချင်းပြည်နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ အလွန်မှားယွင်းပြီး လူမျိုးရေးအရ ပြန်လည်ဖြေဆည်ရာခက်ခဲသည့် စိတ်ဒဏ်ရာများ ပိုမိုနက်ရှိုင်း ခိုင်မာသွားစေမည် ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် ချင်းလူမျိုးတို့၏သမိုင်းတွင် အလွန်အရေးကြီးသည့် အချိန်ကာလဖြစ်၍ ပြည်သူများနှင့် တော်လှန်ရေးအင်အားစု အသီးသီးအနေ ဖြင့် ညီညီညွတ်ညွတ်လက်တွဲမဖြုတ်စတမ်း ဘုံရည်မှန်းချက်ပန်းတိုင်ရောက်သည့်အထိ အစွမ်းကုန်ကြိုးပမ်းကြရန်လည်း ICNCC မှ တိုက် တွန်းထားသည်။mizzima