Monthly Archives: Jan 2023

တနင်္သာရီတိုင်းက နေရပ်စွန့်ခွာသူ ၁၇,၀၀၀ ကျော် ရိက္ခာနှင့် ဆေးဝါးလိုအပ်၊ ကြာအင်းဆိပ်ကြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၁၇,၀၀၀ ကျော်ရှိပြီး ၁,၆၀၀ ကျော်ဟာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ FEB5Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံတဦးက “တိုက်ပွဲဖြစ်ရင် စကစရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေ၊ အလွန်အကျွံ သုံးတာတွေကြောင့် ပြည်သူတွေက သေနတ်သံကြားရင် ရှောင်ပြေးရတဲ့ အခြေအနေတွေအထိ ဖြစ်ခဲ့တယ်။ စကစရဲ့ ဒေသခံအိမ်တွေ မီးရှို့တာတွေ၊ လူတံတိုင်း လုပ်တာတွေကြောင့်လည်း ပါတာပေါ့” လို့ ပြောပါတယ်။

ဒီဇင်ဘာလမှာ မြိတ်ခရိုင် ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာ များခဲ့ပြီး စစ်ဘေးရှောင်ဦးရေလည်း များပြားခဲ့တယ်လို့ သိရပါတယ်။

“ပုလောမြို့နယ် လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က စစ်ရှောင်နေရတယ်။ စကစဘက်က ရိက္ခာတွေ အမျိုးမျိုးဖြတ်တောက်တာတွေ လုပ်တယ်။ စစ်ရှောင်စခန်းအချင်းချင်း အပြန်အလှန်ကူညီပြီး လုပ်နေရတယ်။ လက်ရှိ စစ်ရှောင်တွေမှာက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်” လို့ ကူညီပေးသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်လောက်ကစပြီး ပလမြို့ရဲစခန်းကနေ တိုကျေးရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေနဲ့ သုံးရက်ဆက်တိုက် ပစ်ခတ်တာ၊ စစ်ကောင်စီတပ်ရဲ့ မကြာခဏ ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့် ခွာကြပြီး အခုအချိန်ထိ နေရပ်မှာ ပြန်မနေထိုင်ရဲသေးတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာလည်း တောင်စွန်းဘက်တွေမှာ အခုရက်တွေအတွင်း တိုက်ပွဲတွေမရှိပေမဲ့ စစ်ဘေးရှောင်တွေ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခု တိုက်ပွဲတွေမရှိဘူး ဆိုပေမဲ့ အိမ်ပြန်ဖို့က စစ်ကောင်စီတပ်တွေက ရွာတွေဘက်ကို ဝင်ထွက်သွားလာတာ၊ ပြီးတော့ လေယာဥ်တွေကလည်း နေ့စဥ်နီးပါးလောက် လာရောက်တာမြင်ရတော့ ဗုံးလာကြဲမှာကို စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင် ဒေသခံတွေက ပြောပါတယ်။

ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ ရွာနဲ့အလှမ်းဝေးတဲ့ နေရာတွေဖြစ်တဲ့ တောတောင်တွေကြားမှာ ဖြစ်သလို နေထိုင်ရပြီး အရေးပေါ် စား နပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူ တောင်စွန်းကျေးရွာဘက်တွေမှာ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ၂ ပတ်လောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံးတွေ ရှိခဲ့ရာမှာ စစ်ကောင်စီဘက်က အကျအဆုံး ပိုများနေပါတယ်။

ကရင်ပြည်နယ်မှာ လက်ရှိ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တွေ ပြင်းထန်တဲ့တိုက်ပွဲတွေ မရှိပေမဲ့ အနည်းငယ် ထိတွေ့မှုမျိုးတွေ ဆက်ရှိနေပြီး စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေတာကြောင့် သာမန်အရပ်သား သေဆုံးမှုတွေ ဒါဇင်နဲ့ချီ ရှိနေပြီလို့ ဒေသအတွင်း သတင်းအရင်းမြစ်တွေက ပြောပါတယ်။ DVB

အလင်းသခင်(ခ) မယ်သခင် ကို PDF ထောက် ပံ့သည့် သက် သေမခိုင်လုံဘဲ စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချ၊ “နီးစပ်ရာ တလရ ကိုလှုပါ” ဆိုသည့် Facebook ပို့စ်တင်ပြီးနောက် ဖမ်းဆီးခံခဲ့ရ

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် အွန်လိုင်းဆယ်လီ အလင်းသခင်ကို PDF ထောက် ပံ့ သ ည့် သက်သေမခိုင်လုံဘဲ စစ်ကောင်စီတရားရုံးက အ လုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အွန်လိုင်းဆယ်လီ အလင်းသခင်က “နီးစပ်ရာ တလရ ကိုလှုပါ” ဆိုသည့် Facebook ပို့စ်တင်ခဲ့ပြီးနောက် စစ် တပ်က လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲခဲ့ပြီးနောက် ယနေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“NUG /CRPH ၊ မူဆယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ PSDA၊ CDM ဝန်ထမ်းတွေကို ​ထောက်ပံ့ လှုဒါန်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖျက် ဥပ​ဒေ ၅၀(ည) အရဆိုပြီး အလုပ်နဲ့​ထောင်ဒဏ် ၁၀နှစ် ကို မူဆယ်ခရိုင် တရားရုံးက ဒီနေ့ အမိန့်ချတယ်။ လားရှိုး​ထောင်ပို့မယ်လို့​တော့​​ပြောတယ်။ ဖမ်းသွားတာ ​မနှစ် အောက်တိုဘာ ၄ ရက်​နေ့ကတည်းက။ မူဆယ် အိမ်မှာ အရပ်ဝတ်နဲ့ လက်နက်ကိုင် ရဲ၊ စစ်သား ၁၅​လောက်လာဖမ်းသွားတာ။ ကြားထဲမှာ အမှုရင် ဆိုင်တာ ၃ လ​ လောက်ကြာသွားတယ်။”နီးစပ်ရာ တလရ ကိုလှုပါ”ဆိုတဲ့ ပို့စ်ရယ်၊ Light King အမည်နဲ့ လှုထားတဲ့ဂုဏ်ပြုလက်မှတ်ကို ဖုန်းထဲမှာ ​တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမိန့်ချလိုက်တာပါ။ သက်သေ ခိုင်ခိုင်လုံလုံဘာမှ မပြနိုင်ဘဲ ချလိုက်တာ။ ၃ လ လုံးလုံး မူဆယ် အချုပ်မှာပဲနေရတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။ khit thit

ကံကြီးကုန်းရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့ ပူး ပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကံကြီးတောကျေးရွာကို ဇန်နဝါရီလ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက်မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့အား ဒေသကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များအထိနာ၍ ရွာအတွင်းမှ ပြန်လည်ထွက်ခွာသွား ကြောင်း Black Wolf Army က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “ ကံကြီးတောရွာကို မီးရှို့နေတဲ့အချိန် ရွာထဲထိဝင်ရောက်ပစ်ခတ်ခဲ့တယ်၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်။ သူတို့ ဘက်မှာ လည်း ကျသွားတဲ့သူတွေကို မြင်ရတယ်။ ကျတော်တို့က တိုက်စစ်အနေနဲ့ သွားပြီး သူတို့ကို တောက်လျှောက် ဖိအားပေးပြီး သူတို့ ပြန်ဆုတ်သွားတဲ့အထိ လိုက်လံပစ်ခတ်ခဲ့တယ်” ဟု ပြောသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းသည် ဟန်လင်း ပျူမြို့ဟောင်းအတွင်း တပ်စွဲထားသည့် စစ်ကြောင်းဖြစ်ပြီး အင်အား ၆၀ နီးပါးရှိကာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဟန်လင်း ပျူမြို့ဟောင်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကံကြီးတော ကျေးရွာမှ နေအိမ် ၅၀ လောက် မီးလောင်ပျက်စီးခဲ့ပြီး၊ ရိတ်သိမ်းထားသည့် စပါး တင်းပေါင်းများစွာ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

“ ကျတော်တို့နဲ့ သာထိတွေ့မှု မဖြစ်ဘူးဆိုရင် တစ်ရွာလုံးနီးပါးကို မီးရှို့မယ့်အနေအထားပါ။ ဆက်ပြီးတော့ရှို့တော့မယ့်အချိန်မှာ ကျတော်တို့နဲ့ ထိတွေ့မှုဖြစ်လိုက်လို့ ၀ရုန်းသုံးကားနဲ့ ပြန်ဆုတ်သွားတာ” ဟု Black Wolf Army က တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ပြီး မီးလောင်နေသည့် နေအိမ်များကိုလည်း မီး ငြိမ်းသတ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း Black Wolf Army က ဆိုသည်။

စစ်ကောင်စီက ရုတ်တရက်စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ကိုယ်လွတ်ရုန်းပြေးခဲ့ရပြီး ယခုအခါ နေအိမ်မီး လောင် သွားသည့် ပြည်သူများအတွက် အဝတ်အထည် နှင့် ခြုံစောင်များ လိုအပ်နေကြောင်း သိရသည်။ mizzima

ဆိပ်ဖြူ၊ ပုလဲနှင့် မုံရွာမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရိက္ခာပို့တဲ့ကားတစီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး – BHSRF ကနေ သိရပါတယ်။

ဆိပ်ဖြူ-ပေါက် လမ်းမကြီး ဆိပ်ဖြူ-ပေါက်-ပခုက္ကူသွားတဲ့ ၁၀ မိုင်လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၁၂ ရက် မနက် ၉ နာရီလောက်မှာ OAK AWE UG (စလေ) နဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ အီနာဂါဗုံးသီးတလုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက် ထိခိုက်သွားတယ်လို့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး တာဝန်ခံ မိုရှေက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေနဲ့ စျေးကားတွေဆီကနေ ငွေညှစ်နေသလို ကုန်ပစ္စည်းတွေကိုလည်း ကန့်သတ်ကာ ပြည်သူတွေကို ဖမ်းဆီးနေလို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဆိပ်ဖြူဘက်ကနေ ကပစ ၂၂ ဘက်ကိုလာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာကား ၂ စီးကိုလည်း မနက် ၉ နာရီကျော်လောက်မှာ ဥသြ UG (စ လေ) အဖွဲ့နဲ့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ရာ တစီး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

မိုရှေက “အဲဒီ မိုင်းမိသွားတဲ့ ကားပေါ်ကနေ အော်သံတွေကြားရပြီး တယောက် ပြုတ်ကျသွားတာလည်း တွေ့လိုက်ရတယ်။ ဆီတိုင်ကီ ထိခိုက်ပျက်စီးသွားလို့ ၁ မိုင်လောက် အကွာမှာ ကားထိုးရပ်သွားပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အနောက်တောင်ပိုင်းက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာ ကွယ်ရေးတပ်တွေက ဒီနေ့ ဇန်နဝါရီ ၁၃ ရက် မနက် ၉ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ ကန်ဒေါင့်ရွာက စစ်ကောင်စီတပ်နဲ့ အင်မထီးရွာ၊ ဇီးဖြူကုန်းရွာက ပျူအများစုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သရက်လှဒေသခံက “သူတို့စခန်းအသိမ်းခံရလို့ စကစတွေက မကျေနပ်ပြီး အခုလို ရွာတွေကို မီးရှို့နေတာဗျ။ ပထမ တောင်ရွာသစ်ကို မီးရှို့တယ်ဗျ။ အဲလိုမီးရှို့ဝောာ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲစဖြစ်တယ်ဗျ။ ကာကွယ်ရေးအဖွဲ့တွေ ရောက်လာတော့ ရွာကိုမီးရှို့ပြီး သရက်လှရွာဘက် ထွက်သွားပြီး အဲရွာကို ထပ်ပြီးမီးရှို့တယ်ဗျ။ သူတို့မီးရှို့လို့ ကျနော်တို့ဒေသခံတွေ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးတယ်ဗျ။ လူတွေကတော့ အရင်ရက်တွေကတည်းက ရွာအပြင်ထွက်နေရတာဆိုတော့ အထိအခိုက်တော့ မရှိနိုင်ဘူး” လို့ ပြောပါတယ်။

အခု စစ်ကောင်စီကမီးရှို့လို့ သရက်လှရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အထဲက အိမ်ခြေ ၁၀ အိမ်သာ မီးမလောင်ဘဲကျန်ခဲ့ပြီး တခြားအိမ်တွေကတော့ မီးလောင်ဆုံးရှုံးသွားပါတယ်။ တောင်ရွာသစ်ရွာကတော့ အိမ်ခြေ ၂၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျားသစ်နက်တပ်ရင်းမှူး ကိုဥက္ကာက “ဒီကောင်တွေ ထွက်လာမယ်ဆိုတာကို သိလို့ ကျနော်တို့ သရက်လှ၊ ရွာသစ်၊ ဘတော်ရွာက ပြည်သူတွေ အပြင်ထုတ်ထားပြီး ကင်းပုန်းဝပ်နေတာ၊ ဇန်နဝါရီ ၁၀ ရက်နေ့ကတည်းက ဝပ်နေတာ။ ရက်ကြာလာလို့ ထွက်မလာတော့ဘူးအထင်နဲ့ ပြင်ဆင်ထားတာတွေ အကုန်ဖြုတ်ပြီး ဒီနေ့မနက် စခန်းကိုပြန်ချိန်မှ အလစ်ဝင်လာပြီး အခုလို ရွာကိုမီးရှို့တာဗျ။ ကျနော်တို့ ပြန်လာပြီးတိုက်တော့ ထွက် ပြေးပြီး ကန်ဒေါင့်ရွာထဲ ပြန်ဝင်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပုလဲမြို့နယ်အတွင်း ကျေးရွာ ၇ ရွာက ပြည်သူတွေ စစ်ဘေး ရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း သရက်ကန်ကျေးရွာ၊ သရက်လှကျေးရွာနဲ့ တောင်ရွာသစ်ကျေးရွာ စတဲ့ကျေးရွာ ၃ ရွာကို မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ တောပုရွာထဲက ပျူစောထီးတွေက အနီးအနားရွာတွေကို ဝင်ရောက်ရမ်းကားကာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့အတွက် မုံရွာမြို့နယ် ပ.က.ဖ Special Force-11 က ဇန်နဝါရီ ၁၂ ရက် နေ့လယ် ၂ နာရီ ၃၅ မိနစ်က သွားရောက် တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ လောက်ရှိတဲ့ ပျူတွေက တောပုရွာထဲကထွက်လာပြီး ကြေးမုံရွာနဲ့ ပုရစ်ကုန်းတောင်ရွာ လမ်းမကြီးဘေးက နေအိမ်တွေကို ဝင်ရောက်ရမ်းကားပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့အတွက် Special Force-11 က သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်ကျော်ကြာ ပြင်းထန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ Special Force-11 မုံရွာမြို့နယ် ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။

“တိုက်ပွဲက တောင်ကုန်းရွာနဲ့ ကြေးမုံရွာထိပ်မှာ ဖြစ်ပွားခဲ့တာပါ။ တောပုရွာပျူတွေက အနားက ကြေးမုံရွာနဲ့ ပုရစ်ကုန်းတောင် လမ်းမကြီးတလျှောက်က အိမ်တွေကို ဝင်ပြီး ပစ္စည်းတွေခိုးတယ်လို့ သတင်းကြားလို့ ကျနော်တို့အဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ ပျူတွေက အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်။ ၁၀ မိနစ်ကျော်လောက် နှစ်ဖက် အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ပျူသုံးကောင်တော့ ကြက်ခြံတောင်ဘက်က နေရာမှာ ပွဲချင်းပြီးသွားတယ်။ သူတို့ဘက်က ပျူတချို့လည်း အပြင်းအထန် ဒဏ်ရာရတာတွေရှိတယ်။ ကျနော်တို့ရဲဘော်တွေတော့ အထိ အခိုက် မရှိပါဘူး။”

Special Force-11 မုံရွာမြို့နယ် ပ.က.ဖ အဖွဲ့က မုံရွာခရိုင်အတွင်းက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ကလည်း မုံရွာ-မန္တလေး လမ်းမကြီးရဲ့ မုံရွာ-ချောင်းဦး လမ်းပိုင်းတနေရာမှာ စစ်ကောင်စီးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အခုလို မုံရွာမြို့နယ်ထဲက စစ်ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ပြီး တော်လှန်နိုင်ဖို့ မိုင်းအလုံး ၃၀၀ တားဂက်ကမ်ပိန်းကို ကံစမ်းမဲတစောင် ၅,၀၀၀ နဲ့ ပြည်သူတွေ ပါဝင်ကူညီပေးကြဖို့လည်း မုံရွာမြို့နယ် ပ.က.ဖ Special Force-11 အဖွဲ့က နှိုးဆော်ထားပါတယ်။

အဲဒီတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

ရန်ကုန် Grand Royal အရက်စက်ရုံ မီး လောင်နေမှု ထိန်းမနိုင်သေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် ၄ လမ်းမကြီးပေါ်တွင် Grand Royal အရက်စက်ရုံ မီးလောင်နေမှု မှာ မီးထိန်းမနိုင်သေးကြောင်း လိပ်ပုတ်ကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ခွဲအချိန်မှစတင်၍ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးမှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်နေကြောင်း သိရှိရသည်။

“အခု ၅ နာရီလောက်အထိကို ငြိမ်းနေကြတုန်းပဲ။ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်ပြောတယ်။ စက်ရုံဘေးနားက အိမ်တွေကတော့ အကုန်ပြေးရတယ်။ မီးကတော့ လောင်တာ အရှိန်အဟုန်ကောင်းကောင်းနဲ့ကို လောင်နေတာ။ မီးသတ် ကားတွေက အများကြီးပဲ လာနေကြတာ” ဟု လိတ် ပုတ်ကျေးရွာသားတစ်ဦးက ဆိုသည်။

Grand Royal အရက်စက်ရုံသည် Grand Royal Group International Co,.Ltd. (GRGI) ကုမ္ပဏီက ပိုင်ဆိုင်ပြီး ကုမ္ပဏီပိုင်ရှင်မှာ ဦးအောင် မိုးကျော်ဖြစ်သည်။ khit thit

မန္တလေးတွင် ရဲစခန်းနှင့် ရပ်ကွက်ရုံး ဗုံးဖြင့်ဆက်တိုက်ပစ်ခတ်ခံရ အထိအခိုက်ရှိဟုဆို

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယမန်နေ့ညက ရဲကင်းစခန်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

“ဆက်တိုက်ဆိုသလိုပစ်သွားတာ၊ သင်ပန်းကုန်း ရဲကင်းစခန်းကိုပစ်ပြီး နာရီ၀က်တောင်မကြာဘူး၊ ကျွန်တော်တို့ဘက်က ရပ်ကွက်ရုံးထဲဗုံးပေါက်တယ်၊ ဧည့်စာရင်းတိုင်သူတချို့ ဒဏ်ရာနည်းနည်းပါးပါးရတာတွေရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီခွဲကျော်ခန့်က၊ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်းနှင့် လမ်း ၁၂၀ ထောင့်အနီးရှိ သင်ပန်းကုန်းရပ်ကွက်ရဲစခန်းကိုလည်းကောင်း၊ ည ၇ နာရီ၀န်းကျင်တွင် ၅၈ လမ်းနှင့် ၁၂၃ လမ်းထောင့်အနီးရှိ (စ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်း ကောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားများက ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍၊ မြနန္ဒာစစ်ဆင်ရေး(မန္တလေး)နှင့် Acid Army PDF-MDY တို့ပူးပေါင်းကာ၊ ပူးတွဲစစ်ဆင်ရေးအဖြစ် လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)ပြန်ကြားရေးဗျူရိုက သတင်းထုတ်ပြန်လာသည်။

“လက်ပစ်ဗုံးဖြင့် ပစ်သွင်းဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး၊ အထိအခိုက်အတိအကျမသိရှိရသေးကြောင်းနှင့် အကြမ်းဖက်စစ်အုပ်စုမှ ကျင်းပမည့်ရွေး ကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီနေကြသော စခ(စစ်ကောင်စီတပ်သား)နောက်လိုက်အုပ်ကြီးများနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများကို စစ်ရေးပစ်မှတ်အနေဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာ လိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြနန္ဒာစစ်ဆင်ရေး(မန္တလေး)သည်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း၊ ၆၂ လမ်းနှင့်မြ၀တီ မင်းကြီးလမ်းထောင့်ရှိ ပြည်ကြီးတံ ခွန်မြို့နယ်အဆင့်မြင့်ရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။mizzima

လောင်းလုံးတွင် တော်လှန်လူငယ်များ ဦး ဆောင်ကာ စစ်တပ်ထုတ်ကုန် မသုံးစွဲရေးနှင့် စစ်အာဏာရှင် တော်လှန်ရေး လူထု လှုံ့ဆော်မှု ပြုလုပ်

khit thit

တောင်တွင်းကြီးတွင် NUG အမှတ် ၉၀၃ တပ်ရင်း တောတွင်းစစ်ရေးလေ့ကျင့် 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်ဒေသခွဲ၊ စစ်ဒေသ-၃၊ ၉၀၃ တပ်ရင်း (တောင်တွင်းကြီး) က ရဲဘော်တွေ ဇန်နဝါရီ ၇ ရက်ကနေ ၁၁ ရက်အထိ တောတွင်းစစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တယ်လို့ အမှတ် ၉၀၃ တပ်ရင်းကနေ သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး MOD ရဲ့ တပ်ရင်းတခုအဖြစ် အသွင်ကူးပြောင်းကာ NUG အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း စစ်အာဏာရှင်ကို တော်လှန်နေကြတာဖြစ်ပါတယ်။

တော်လှန်ရေးရဲဘော်တွေ လေ့ကျင့်မှုပြည့်ဝအောင် လုပ်ဆောင်တာဖြစ်ပြီး တောင်တွင်းကြီးမြို့မှာ မြို့ပြတိုက်ပွဲတွေ ပြန်လည်ဖော်ဆောင်ကာ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိအောင် ကြိုးစားနေတယ်လို့ အမှတ် ၉၀၃ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ခမောက်က ဒီဗွီဘီကို ပြောပါတယ်။

နောက်ပိုင်းမှာလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ တောတွင်းစစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်သလို စစ်ရေးလှုပ်ရှားမှုတွေလည်း ပူးတွဲလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ လုပ်ဆောင်တဲ့အချိန်မှာ စုဖွဲ့မှုတွေ လျော့သွားတာ မဟုတ်ဘူး။ ကျနော်တို့ ပြန်လည်စုဖွဲ့ပြီး အားကောင်းအောင် ပြန်လုပ်နေကြတယ်။ ကျနော်တို့တွေအနေနဲ့ အင်အားကောင်းလာတာပဲရှိပြီး လျော့သွားတယ်ဆိုတာ မရှိဘူး။ ဖမ်းဆီးခံ၊ ကျဆုံးရဲဘော်တွေကလွဲလို့ ကျန်တဲ့ရဲဘော်တွေက ခေတ္တခဏ နေရာတိမ်းရှောင်ပြီး ပြန်လည်စုစည်းကာ စစ်အာဏာရှင် အမြစ်ပြုတ်တဲ့အထိ ပြန်လည်တိုက်ထုတ်သွားမယ်” လို့ ခမောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်မှာ ရှေ့တိုးလို့လည်းမရသလို နောက်ဆုတ်လို့လည်း မဖြစ်နိုင်တော့ဘဲ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နေရာအစုံမှာလည်း ထိတ်လန့် ချောက်ချားစွာနဲ့ နေထိုင်နေရသလို မြို့ကြီးပြကြီးတွေမှာတောင် လွတ်လွတ်လပ်လပ် သွားလာလို့မရတော့ဘဲ အခက်အခဲ အကျပ်အတည်းဖြစ်အောင် ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကို စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်း အ သုံးပြုပြီး ဖမ်းဆီး သတ်ဖြတ် ထောင်ချတာတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ တော်လှန်ရေးရဲဘော်တွေ လုံခြုံစိတ်ချရတဲ့ နေရာတွေကို ခေတ္တရှောင် တိမ်းခဲ့ရပြီး စစ်အာဏာရှင်ကို ဆက်လက် တော်လှန် တိုက်ပွဲဝင်နေကြတယ်လို့ သိရပါတယ်။ DVB

ဆားလင်းကြီးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီး၊ ဝဲကြီးဝဲကွဲရွာ သား ၁ ဦးကို စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဖောင်းကတာ ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဆည်းတည်းရွာ၊ ဇီးတော ရွာဟောင်းတို့ကို မီးရှို့ဖျက်ဆီးပြီး ဝမ်ပေါင် ကုမ္ပဏီထဲသို့ ဝင်ရောက်သွားပြီးနောက် မိုးကြိုးပြင် တောင်ရွာနှင့် အလယ်ရွာတို့ကို မွန်းလွဲပိုင်းတွင် ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ညက ဖောင်းကတာမှာ ညအိပ်ပြီး ဒီနေ့ နံနက်ပိုင်း လက်ပံတောင်းကြေးနီစီမံကိန်း တောင်ဘက်ကပ်လျက်ရှိတဲ့ ဆည်းတည်း၊ ဇီးတော ရွာဟောင်းကို မီးရှို့အပြီး ဝမ်ပေါင်ကုမ္ပဏီထဲသို့ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပဲ မိုးကြိုးပြင် တောင်ရွာန​ဲ့ အလယ်ရွာကိုရောက်လာပြီး အ ကြောင်းမဲ့ မီးစရှို့လို့ ဒေသခံရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ ရွာသားများ ဖမ်းဆီးမိသည့် သတင်းကိုတော့ လောလော ဆယ် မသိရှိရသေးပါဘူး။ မီးရှို့စဥ် ပေါက်ကွဲသံ ၄ ချက်လောက်ကြားရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ဝဲကြီးဝဲကွဲရွာသား ကိုဇာနည်ထွန်းကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။khit thit

စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်၏ ဇနီးဖြစ်သူ ဒေါက်တာသီတာတင်ကို မီဒီယာဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ညွှန်ချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဇနီးဖြစ်သူ ဒေါက်တာ သီတာတင်ကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် အစမ်းခန့်အပ်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင်ပါရှိသည်။

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ စစ်ကောင်စီလက်ထက်တွင် စတင်ဖွဲ့စည်းနေသည့် ဌာနတစ်ခုဖြစ်ပြီး ဒေါက်တာသီတာတင်အား အ ဆိုပါဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစပြီး အစမ်းခန့်ထားခြင်းဖြစ်သည်။

ဒေါက်တာသီတာတင်သည် ယခင်က ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်တာသီတာတင်၏ ခင်ပွန်းဖြစ်သူ ဦးကိုကိုလှိုင်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်ကာ အနောက်နိုင်ငံများကိုဆန့် ကျင်သောအမြင်ရှိသူဟု နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုလေ့ရှိသည်။ စစ်သားဟောင်း ဦးကိုကိုလှိုင်သည် ယခင်က နိုင်ငံပိုင်သတင်းစာများတွင် စစ်အစိုးရထောက်ခံသော ဆောင်းပါးများရေးသားလေ့ရှိခဲ့ပြီး သူ၏ဆောင်းပါးတစ်ခုတွင်၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းကြောင့် ၁၃၈, ၀၀၀ ကျော်သေဆုံးခဲ့ရမှုဖြစ်ပွားခဲ့သော်လည်း မုန်တိုင်းကြောင့် မြင်ကွင်းရှင်းပြီး ရွှေတိဂုံဘုရားကို ဖူးရသဖြင့် မုန်တိုင်းကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့ဖူးသည်။

စစ်တက္ကသိုလ်​ကျောင်းဆင်းတစ်ဦးဖြစ်သူ ဦးကိုကိုလှိုင်သည် မြန်မာစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနတို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့တွင်လည်း ပါဝင်ခဲ့ဖူးသည်။ mizzima

« Older Entries