ကံကြီးကုန်းရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့ ပူး ပေါင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကံကြီးတောကျေးရွာကို ဇန်နဝါရီလ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက်မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့အား ဒေသကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များအထိနာ၍ ရွာအတွင်းမှ ပြန်လည်ထွက်ခွာသွား ကြောင်း Black Wolf Army က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းက “ ကံကြီးတောရွာကို မီးရှို့နေတဲ့အချိန် ရွာထဲထိဝင်ရောက်ပစ်ခတ်ခဲ့တယ်၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်။ သူတို့ ဘက်မှာ လည်း ကျသွားတဲ့သူတွေကို မြင်ရတယ်။ ကျတော်တို့က တိုက်စစ်အနေနဲ့ သွားပြီး သူတို့ကို တောက်လျှောက် ဖိအားပေးပြီး သူတို့ ပြန်ဆုတ်သွားတဲ့အထိ လိုက်လံပစ်ခတ်ခဲ့တယ်” ဟု ပြောသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းသည် ဟန်လင်း ပျူမြို့ဟောင်းအတွင်း တပ်စွဲထားသည့် စစ်ကြောင်းဖြစ်ပြီး အင်အား ၆၀ နီးပါးရှိကာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဟန်လင်း ပျူမြို့ဟောင်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
စစ်ကောင်စီစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကံကြီးတော ကျေးရွာမှ နေအိမ် ၅၀ လောက် မီးလောင်ပျက်စီးခဲ့ပြီး၊ ရိတ်သိမ်းထားသည့် စပါး တင်းပေါင်းများစွာ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
“ ကျတော်တို့နဲ့ သာထိတွေ့မှု မဖြစ်ဘူးဆိုရင် တစ်ရွာလုံးနီးပါးကို မီးရှို့မယ့်အနေအထားပါ။ ဆက်ပြီးတော့ရှို့တော့မယ့်အချိန်မှာ ကျတော်တို့နဲ့ ထိတွေ့မှုဖြစ်လိုက်လို့ ၀ရုန်းသုံးကားနဲ့ ပြန်ဆုတ်သွားတာ” ဟု Black Wolf Army က တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ပြီး မီးလောင်နေသည့် နေအိမ်များကိုလည်း မီး ငြိမ်းသတ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း Black Wolf Army က ဆိုသည်။
စစ်ကောင်စီက ရုတ်တရက်စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ကိုယ်လွတ်ရုန်းပြေးခဲ့ရပြီး ယခုအခါ နေအိမ်မီး လောင် သွားသည့် ပြည်သူများအတွက် အဝတ်အထည် နှင့် ခြုံစောင်များ လိုအပ်နေကြောင်း သိရသည်။ mizzima