စစ်ကိုင်းမြို့ ပျူခေါင်းဆောင်ဆိုသူနေအိမ် ဗုံးသီးဖြင့် တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့နယ် ၊ မလဲတောကျေးရွာရှိ ပျူခေါင်းဆောင်ဆိုသူ ဦးစိုးဝင်းနေအိမ်အား ဇန်နဝါရီလ ၁၂ ရက်၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်က ဝေဟင်မှ ဗုံးသီး လေးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( KDDF)ထံက သိရသည်။
ဦးစိုးဝင်းဦးဆောင်ပြီး အနီးအနားရှိ ကျေးရွာများသို့ စစ်ကောင်စီစစ်ကြောင်းများနှင့် လိုက်ပါမီးရှို့ဖျက်ဆီးမှုများလုပ်နေသောကြောင့် စစ်ကိုင်း တိုင်းထဲမှ အိမ်ခြေ ၄,၀၀၀ ကျော် ပြည်သူများ အိုးအိမ်မဲ့ခဲ့ရခြင်းကြောင့် ၎င်း၏နေအိမ်ကို ယခုကဲ့သို့တိုက်ခိုက်ရခြင်းဖြစ်ကြောင်း KDDF အဖွဲ့က ဆိုသည်။
“သူက အခုအပြင်မထွက်တော့ပါဘူး။ သူက ပျူစောထီးခေါင်းဆောင်ဆိုတော့ စစ်ခွေး( စစ်ကောင်စီတပ်သား)တွေရဲ့တပ်မှာပဲ အတူနေတော့တာပါ။ ဒါ့ကြောင့် သူ့အိမ်ကို တိုက်ခိုက်ခဲ့တာပါ။”ဟု ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( KDDF) ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။
ဦးစိုးဝင်းနေအိမ်အား ဗုံးသီးဖြင့်တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ကျောက်ဆည်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့( KDDF) က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( KDDF) နှင့်အတူ MMU PDF၊ စစ်ကိုင်းခရိုင် တပ်ရင်း(၆) တပ်ခွဲ (၁) ၊PHOENIX(SGG)၊ နယ်စည်းမခြား စစ်ကိုင်းသား၊
ကျောက်ဆည်ခရိုင်တပ်ရင်း(၁) (နဂါးနီတပ်ရင်း)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima