စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်၏ ဇနီးဖြစ်သူ ဒေါက်တာသီတာတင်ကို မီဒီယာဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ညွှန်ချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဇနီးဖြစ်သူ ဒေါက်တာ သီတာတင်ကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် အစမ်းခန့်အပ်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင်ပါရှိသည်။
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ စစ်ကောင်စီလက်ထက်တွင် စတင်ဖွဲ့စည်းနေသည့် ဌာနတစ်ခုဖြစ်ပြီး ဒေါက်တာသီတာတင်အား အ ဆိုပါဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစပြီး အစမ်းခန့်ထားခြင်းဖြစ်သည်။
ဒေါက်တာသီတာတင်သည် ယခင်က ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဒေါက်တာသီတာတင်၏ ခင်ပွန်းဖြစ်သူ ဦးကိုကိုလှိုင်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်ကာ အနောက်နိုင်ငံများကိုဆန့် ကျင်သောအမြင်ရှိသူဟု နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုလေ့ရှိသည်။ စစ်သားဟောင်း ဦးကိုကိုလှိုင်သည် ယခင်က နိုင်ငံပိုင်သတင်းစာများတွင် စစ်အစိုးရထောက်ခံသော ဆောင်းပါးများရေးသားလေ့ရှိခဲ့ပြီး သူ၏ဆောင်းပါးတစ်ခုတွင်၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းကြောင့် ၁၃၈, ၀၀၀ ကျော်သေဆုံးခဲ့ရမှုဖြစ်ပွားခဲ့သော်လည်း မုန်တိုင်းကြောင့် မြင်ကွင်းရှင်းပြီး ရွှေတိဂုံဘုရားကို ဖူးရသဖြင့် မုန်တိုင်းကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့ဖူးသည်။
စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သူ ဦးကိုကိုလှိုင်သည် မြန်မာစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနတို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့တွင်လည်း ပါဝင်ခဲ့ဖူးသည်။ mizzima