စစ်ကောင်စီ၏ မဲခေါင်ထိပ်သီးအစည်းအဝေးအိမ်မက်ကို တရုတ်လျစ်လျူရှုခဲ့

နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် မဲခေါင်ဒေသတွင်းနိုင်ငံများ ထိပ်သီးအစည်း အဝေးကို ကမကထပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံက လျစ်လျူရှုသဖြင့် အထမမြောက်ခဲ့ပေ။
လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (LMC) အလှည့်ကျဥက္ကဋ္ဌအဖြစ် စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ထိပ်သီးအစည်းအဝေး ကျင်းပရန် ဖိတ်ကြားရာ တရုတ်က အကြောင်းမပြန်ခဲ့ကြောင်း Al Jazeera သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက်နေ့ သတင်းတစ်ပုဒ်တွင် ရေးသားသည်။
မဲခေါင်ဒေသအတွင်း ဩဇာလွှမ်းမိုးနိုင်ရေး အတွက် LMC ကို တရုတ်နိုင်ငံက ဦးဆောင်ကာ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့်အတူ ၂၀၁၆ တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထိုနိုင်ငံများသည် မဲခေါင်မြစ်နှင့် ထိစပ်နေသော နိုင်ငံများဖြစ်ပြီး လျန်ချန်း ဆိုသည်မှာ တရုတ်နိုင်ငံအတွင်း မဲခေါင်မြစ်ကို ခေါ်ဆိုခြင်း ဖြစ် သည်။
အဖွဲ့၏ (၇) ကြိမ် မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ ၌ ကျင်းပခဲ့စဉ် မြန်မာနှင့် တရုတ်က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ထိပ်သီးအစည်းအဝေး ကျင်းပလျှင် နိုင်ငံခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်များ တက်ရောက်ရမည် ဖြစ်သည်။
မကျင်းပဖြစ်ခဲ့သော လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီကာချင်း အပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မျှော်လင်ခဲ့သည်။
သို့သော် တရုတ်က အကြောင်းမပြန်သဖြင့် ထိပ်သီးအစည်းအဝေး အထမြောက်ခဲ့ပေ။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး နှစ်နှစ်ပြည့်လုချိန်အထိ ဒေသတွင်းနှင့် နိုင်ငံတကာအစည်းအဝေးများက ဖယ်ကြဉ်ခံထားရသည်။
“စစ်ကောင်စီဖိတ်ကြားချက်ကို ဘေဂျင်းက အကြောင်းမပြန်ဘူး။ ရက်စွဲတို့ တက်မယ့်အကြောင်းတို့ လည်း မသတ်မှတ်နိုင်ခဲ့ဘူး” ဟု အရှေ့ တောင်အာရှမှ သံတမန်အသိုင်းအဝိုင်းနှင့်နီးစပ်သူ ဟောင် ကောင်အစိုးရ အရာရှိဟောင်း Michael Ng က ပြောဆိုကြောင်း Al Jazeera သတင်း၌ဖော်ပြသည်။
၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးကတည်းက မည်သည့် တရုတ်ခေါင်းဆောင်မှ မင်းအောင်လှိုင်နှင့် လူချင်းမတွေ့ဆုံသေးကြောင်းလည်း မကြာသေးမီကအထိ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဟောင်ကောင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံး ဒုတိယအကြီး အကဲ တာဝန်ယူထားသူ Ng က ဆိုသည်။
“ဝန်ကြီးချုပ်လီက မင်းအောင်လှိုင်နဲ့ တွေ့လိုက်မယ်ဆိုရင် စစ်အစိုးရကို တရားဝင် အပြည့်အဝ ထောက်ခံပေးလိုက်သလို ဖြစ်သွားမှာစိုးလို့ တရုတ်ဘက်က အေးတိအေးစက်လုပ်နေပုံရတယ်”
ပြီးခဲ့သည့်နှစ်အတွင်း ပုဂံ၌ကျင်းပသော လန်ချန်း – မဲခေါင်အစည်းအဝေးတွင် တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိကိုယ်တိုင်ရောက်လာသော် လည်း နေပြည်တော်သို့ သွားရောက်ခဲ့ခြင်း မရှိပေ။ ပုဂံအစည်းအဝေးတွင် မင်းအောင်လှိုင်က နိုင်ငံ့အကြီးအကဲအဖြစ် တက်ရောက်လိုခဲ့သော် လည်း တရုတ်ဘက်က ပယ်ချခဲ့သည်ဟု နေပြည်တော်မှ လာသောသတင်းများက ဆိုသည်။ အဆိုပါ အချက်ကို သီးခြားအတည်မပြုနိုင်ပေ။
လန်ချန်း-မဲခေါင်ထိပ်သီးအစည်းအဝေး ကျင်းပရန် စစ်ကောင်စီဖိတ်ခေါ်ချက်ကို တရုတ်က အကြောင်းမပြန်ခဲ့ကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ Jason Tower က ပြောသည်။
“LMC ကတဆင့် တရားဝင် အသိအမှတ်ပြုခံရမှု တိုးရအောင် မင်းအောင်လှိုင်ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူး။ အာဆီယံကိုကျော်ပြီး လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေး ကျင်းပရေး အကြောင်းပြန်လိုက်ရင် အပြင်းအထန် ဝေဖန်ခံရမှာလေ” ဟု သူက ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့မှာ အာဆီယံအစည်း အဝေး များ တက်ရောက်ခွင့်လည်း ပိတ်ပင်ခံထားရသည်။myanmar now