အင်းတော်တွင် စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံသေဆုံး

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် စစ်ကောင်စီတပ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အင်းပတ်လမ်းအနီးရှိ လင်မယားနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း Indaw Revolution- IR ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၁၂ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်များက အင်းတော်မြို့ပြင်ဘက် အင်းပတ်လမ်းမှ ကျေးရွာဘက်သို့ လက်နက်ငယ်များရမ်းသန်းပစ်ခတ်သဖြင့် အင်းပတ်လမ်းအနီးနားရှိ လယ်ထဲတွင် ပဲစိုက်နေသည့် လင်မယားနှစ်ဦး ကျည်ထိမှန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
“အင်းတော်မြို့ပြင်ဘက် အင်းပတ်လမ်းကနေ ပစ်တာပါ။ သူ( စစ်ကောင်စီတပ်သား)တို့က အခုနောက်ပိုင်း မြို့နယ်တစ်ဝိုက် အမြဲတမ်းရမ်း သန်းပစ်ခတ်မှုတွေ လုပ်နေတာဗျ။” ဟု အင်းတော်မြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။
စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် သေဆုံးသည့် ကိုနိုင်ဝင်း (အသက် ၄၀)သည် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသမီးဖြစ်သူသည် မစိုးရိမ်ရဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူနေကြောင်းလည်း ၎င်းထံမှ သိရသည်။
ကိုနိုင်ဝင်း၏ရုပ်အလောင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်တွင် စစ်ကောင်စီတပ်များက မိသားစုဝင်များကိုခေါ်ပြီး အင်းတော်မီးသင်္ဂြိုဟ်စက်တွင် သင်္ဂြိုဟ်လိုက်ကြောင်း၊ သေဆုံးချိန်တွင် သားသမီး သုံးယောက်ကျန်ရစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ရက်နေ့တွင် အင်းတော်မြို့ပေါ်၌ လုံခြုံရေးအပြည့်ချပြီး ထွေအုပ်အဖွဲ့၊ စိုက်ပျိုးရေးအဖွဲ့၊ စည်ပင်အဖွဲ့၊ မီးသတ်၊ မဲကော်မရှင် အဖွဲ့၊ တာဝန်ခံ ရဲ မှူး အဖွဲ့များမှ ရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းလိုက်ကောက်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။mizzima