Monthly Archives: Jan 2023

နတ္တလင်း တာပွန်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်ရပ်မပေးသဖြင့် ဒေသခံတဦး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ် တာပွန်ကျေးရွာထိပ်က စစ်ဆေးရေးဂိတ်ကို ဖြတ်သွား တဲ့ ဒေသခံအမျိုးသားတဦးအား ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး စစ်ကောင်စီတပ်နဲ့ရဲတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပစ်ခတ်ခံခဲ့ရတဲ့သူ  သရက်ကုန်းရွာက ကိုဝင်းဇော်ထွန်းဖြစ်ပြီး  ပထမနှစ်ကျောင်းသားကနေထွက်ကာ ပေါင်းတည်မြို့က ချေးငွေလုပ်ငန်းမှာ အလုပ်လုပ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ 

“သရက်ကုန်းရွာကနေ နတ်တလင်းမြို့ကိုအသွားမှာ တာပွန်စစ်ဆေးရေးဂိတ်ကို ဖြတ်တဲ့အခါမှာ  ဆိုင်ကယ်လိုင်စင် စစ်မှာဖြစ်တာကြောင့် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးထားတာ မရသေးတဲ့အတွက် အဖမ်းခံရမှာကိုကြောက်ပြီး မရပ်တော့ဘဲ ဖြတ်မောင်းသွားတာကို ဂိတ်မှာစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့ထဲက ခြေထောက်မသန်တဲ့ ဂန်းရှော့ (ကျော်မင်း) ဆိုတဲ့ အငြိမ်းစား၊ စစ်ထွက်က  G3 နဲ့လှမ်းပစ်တာ  ၄ ချက်တောင်။ အလောင်းကတော့ အခုထိ လမ်းမပေါ်မှာပဲ မြင်မကောင်းဘူး။ ပစ်တဲ့ကောင်တော့ ဘာမှမဖြစ်သလိုဘဲ ထော့ကျိုးထော့ကျိုးနဲ့ အဲ့ဒိဂိတ်ထဲမှာ သွားလာနေတာပဲ” လို့ ဂိတ်အနီးနေ မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ရဲတွေက ကို၀င်းဇော်ထွန်းရဲ့ အလောင်းကို ဗုံးတွေနဲ့တွဲ ဓာတ်ပုံရိုက်ပြီး ညနေပိုင်းမှာ နတ္တလင်းဆေးရုံကို သယ်ယူသွားတယ်လို့ မိသားစု၀င်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

တာပွန်ရဲစခန်းဟာ နေ့ညမရွေး ဆိုင်ကယ်တွေကို ဖမ်းဆီးနေပြီး တစီးကို ငွေကျပ် နှစ်သိန်းနဲ့ ရွေးခိုင်းတာ၊ မရွေးနိုင်ပါက ထောင်ဒဏ် ၁ လကျခံရတာတွေကြောင့်  ဒေသခံတွေဟာ ဆိုင်ကယ် အဖမ်းခံရမှာ ကြောက်နေကြတယ်လို့ ဆိုပါတယ်။DVB

NUG ၊ CRPH နှင့် PDFတပ်များကို မနိုင်တော့ဟု အဓိပ္ပာယ်သက်ရောက်သည့် အခြေအနေများကို စစ်ကောင်စီ၏ လျှို့ဝှက်အစည်း အ ဝေးတွင် ဆွေးနွေး

အမေရိကန်၏ Burma Act ၊ ကုလလုံခြုံရေးကောင်စီ ၏ ဆုံး ဖြတ်ချက်၊ တ ရုတ်-အာဆီယံ၏ ဖိအား၊ G-7၊ G-20 များ၏ ဖိအားများကြောင့် စစ်ကောင်စီအတွက် ပိုမိုခက်ခဲလာနိုင်ပြီး အကြမ်းဖက်မှုများ မြင့်မားလာနိုင်ကြောင်း ပြည်ထဲ ရေးဝန်ကြီး စိုးထွဋ်ဦးဆောင်သော လျှို့ ဝှက် အစည်းအဝေးတွင် ဆွေးနွေးကြောင်း သိရှိရသည်။

နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရိန္နာခန်းမတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ ကျင်းပခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်း အဝေး အမှတ် ၁ / ၂၀၂၂ တွင် ထိုသို့ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင် ဆွေးနွေးပြီး ပြည်နယ်/တိုင်း ရဲချုပ်များ၊ ဌာနဆိုင်ရာ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးက လက်ရှိအခြေအနေများကို ကြည့်လျှင် G-7 ၊ G-20 အစည်းအ ဝေးများမှ ထွက်လာသည့် ရလဒ်များ၊ တရုတ်-အာဆီယံမှ ထွက်လာသည်ံ ရလဒ်များအရ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်မားလာနိုင်သည်ဟု သုံးသပ်ကြောင်း၊ အမေရိကန်နိုင်ငံက အတည်ပြုလိုက်သည့် Burma Act ၊ ကုလသမဂ္ဂက တောင်းဆိုနေမှု၊ အာဆီယံ၏ ဖိအားများကြောင့် ပိုမိုခက်ခဲလာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးက လက်ရှိ PDF ၊NUG တို့နှင့် ဆက်စပ်နေမှုများ၊ အကြမ်း ဖက်မှုများနှင့် ဆက်စပ်မှုများကို အရေးယူပြီးနောက် လွတ် ငြိမ်းချမ်းသာခွင့် မရှိစေရဟု ဆိုသော ဥပဒေပြဋ္ဌန်းခြင်းမျိုး ပြုလုပ်နိုင်ပါက အတိုင်း အတာ တစ်ခုအထိ ထိန်းသိမ်းနိုင်မည်ဟု သုံးသပ်ကြောင်း အပါအဝင် အကြံပြုချက် ၄ ချက် တင်ပြခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးတွင် ဆွေးနွေးချက်များကို ရန်ကုန်ခေတ်သစ်က ရရှိထားပြီး ယင်းအစည်းအဝေး ဆွေးနွေးမှုများတွင် စစ်တပ်က ယခုထက်ပိုသော ဖိနှိပ်မှုများကို ပို၍ အရှိန်မြှင့်ရန် စဉ်းစားလုပ်ဆောင်မည့် အချက်များစွာ ပါဝင်နေသည်ကို တွေ့ရှိရသည်။khit thit

တီးတိန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကြောင့် ဒေသခံ အရေးပေါ်ဆေးကုသနေရ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့တွင် စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသည် ခြေထောက်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာရကာ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း မြို့နေဒေသခံများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၈နာရီခန့်အချိန်တွင် တီးတိန်မြို့၊ လွယ်ဘွာလ် ရပ်ကွက်တွင် ပေါက်ကွဲသံများ ကြားရပြီးနောက် စစ်ကောင်စီ တပ်သားများက ရပ်ကွက်အတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“မနက်က ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ်။ ပြီးမှ စစ်သားတွေနဲ့ ရဲတွေက သေနတ်ကို ရမ်းသန်းပစ်နေတာ ။ပြီးတော့ လမ်းဘေးနဲ့ အိမ်ကြားတွေမှာ ရှာဖွေမှုတွေလုပ်နေကြတာ။ ဆိုင်ကယ်နဲ့ အမျိုးသားတစ်ယောက် ပစ်ခတ်ခံရတယ်လို့ ကြားတယ်”ဟု တီးတိန်မြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီ တပ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ရပ်ကွက်အတွင်း သွားလာနေသည့် အသက် ၄၀အရွယ် ဒေသခံတစ်ဦး၏ ခြေ ထောက် တွင် ကျည်ထိမှန်ဒဏ်ရာရရှိပြီး ၎င်းတို့၏ ထိုးကြိတ်ကန်ကျောက်မှုကြောင့် ဦးခေါင်းနှင့် နားများတွင် သွေးထွက်ဒဏ်ရာများဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းဒေသခံထံမှ သိရသည်။

ထို့အပြင် လွယ်ဘွာလ်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း မြို့နေဒေသခံက ဆိုသည်။

ယင်းကဲ့သို့ အများပြည်သူများအား သေနတ်ဖြင့် ခြောက်လှန့်ပြီး ညှဥ်းပန်းနှိပ်စက်သော စစ်ကောင်စီ တပ်သားများအား ၎င်းတို့ကျူးလွန်သော ပြစ်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်နှင့် ထိုက်သင့်သော ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်နိုင်ရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ – (တီးတိန်၊ တွန်းဇန် ) မှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ယနေ့တွင် သတင်းထုတ်ပြန်သည်။

တီးတိန်မြို့၊ လွယ်ဘွာလ် ရပ်ကွက်အတွင်း ယနေ့ နံနက်အစောပိုင်းက ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ သည် မဲစာရင်းကောက်ယူခြင်းကို တားမြစ်သည့်ကြားမှ ဆက်လက်ကောက်ယူနေသည့်အတွက် စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲရာနေရာကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF Zoland မှ အသိပေးထားသည်။ mizzima

ချင်းတွင်းမြစ်ကြောင်း ၁ လတာ တိုက်ပွဲအ တွင်း စစ်ကောက်စီတပ်သား ၁၅ ဦး နှင့် PDF ၇ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး ဆန်အိတ်၊ ပဲအိတ်တွေနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ဆရာစံ- PDF ဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၁၁ ရက်နေ့မှ ဇန်နဝါရီ ၁၂ ရက်နေ့အထိ ကနီမြို့နယ်အတွင်း ကုန်းကြောင်း၊ ရေကြောင်းမှ စစ်ကြောင်းထိုးသွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ KLG(ကျောက်လုံးကြီးတပ်မဟာ)၊ Alpha Special Force၊ Truth Of Force၊ Triple Two၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local PDF၊ Yoma Fighter PDF နဲ့ အခြားမဟာမိတ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အထိအခိုက်အကျအဆုံးရှိတယ်လို့ ဆရာစံ -PDF က ပြောပါတယ်။ 

PDF အဖွဲ့ခေါင်းဆောင် ဆရာစံက “ကျနော်တို့  ဒီဇင်ဘာ ၁၁ ရက် နေ့ကတည်းက တိုက်ပွဲဖော်ဆောင်ဖို့ ထွက်လာခဲ့ကြတာပါ။ ကနီမြစ် ကြောင်းတလျှောက်နဲ့ ကျေးရွာတချို့မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ကနီဘက်ကို ဆန်တက်ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဉ်တွေကို RPG တွေ၊ မိုင်တဲလ် မမ တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာတော့  ကျောက်လုံးကြီးဆရာတော်အဖွဲ့က RPG ထိမှန်ထားတဲ့ စစ်ကောင်စီ ဖလက်မော်တော်ယာဉ်တစီးပေါ်မှ စစ်ကောင်စီတပ်သား ၂ ဦးကို သုတ်သင်ရှင်းလင်းပြီး ဆန်အိတ် ၈၀ နဲ့ ပဲအိတ် ၁၀ တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

တိုက်ပွဲတေါအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး အယောက် ၃၀ လောက် ထိခိုက်ဒဏ်ရာရရှိကာ ပူးပေါင်းမဟာမိတ်များဘက်မှ Triple Two မှ အဖွဲ့ခေါင်းဆောင် ကိုအောင်ကြီး အပါအဝင် ၅ ဦး ကျဆုံးခဲ့တဲ့အပြင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော် ၂ ဦး ထပ်မံကျဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Myanmar defense force မှ တာဝန်ရှိသူက ပြောပါတယ်။ 

၁ လတာ တိုက်ပွဲများအပြီး အောင်ပွဲနဲ့ပြန်လာခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ဒေသခံပြည်သူ ထောင်နဲ့ချီက သပြေပန်းတွေ၊ စားစရာတွေနဲ့ ကြိုဆိုဧည့်ခံကျွေးမွေးခဲ့တဲ့အပြင် ငွေကြေးများထောက်ပံ့ခဲ့ကြတယ်လို့ သိရပါတယ်။DVB

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာရှိ အကြမ်းဖက်စစ်သားတပ်များတပ်စွဲထားရာ ရဲစခန်းကို လက်နက်ကြီး အလုံးပေါင်း ၁၀၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော်မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၇ နာရီမှ ၁၀ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၈၀ မမ လက်နက် ကြီး အလုံး ၁၀၀ ၊ တာဝေးပစ် Rocket အလုံး ၃၀ ကျော် ဖြင့် ပစ်ခတ်ကာ လက်နက်ငယ်များဖြင့် ပိတ် ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့ပြီး ကျားသစ်နက် ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေပဲကလည်း လက်နက်ကြီးတွေနဲ့ပြန်ထုတယ်၊ အပြန်အလှန်အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ တာပါ၊ မနေ့က တောင်ရွာသစ်ကျေးရွာနဲ့ သရက်လှရွာကို စစ်ခွေးတွေက မီးရှို့ဖျက်ဆီးခဲ့သေးတယ်၊ တောင်ရွာသစ်မီးရှို့တုန်း ကျနော်တို့တပ်တွေ တရစပ်ဝင်ပစ်တော့ ထွက်ပြေးသွားတယ်၊ ဒီနေ့တော့ ဝင် တိုက်လို့ မထွက်တော့ဘူး” ဟု ကျားသစ်နက်တပ်မတော် -BPLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော် (B.L.P.A)မှဦးဆောင်ကာ ယင်းမာပင်ခရိုင်အမှတ်၂၈ ဓါးမဆိုင်းတပ်မတော်၊ ပခုက္ကူခရိုင် အ မှတ်-၁၄ တပ်ရင်း၊ M.P.Lအလယ်မြေပြောက်ကျားတပ်ဖွဲ့၊ Gen -21၊ သိန်းငှက်နီပြောက်ကျားတပ်ဖွဲ၊ ရွှေဟင်္သာ ပြောက်ကျားတပ်ဖွဲ့၊ ခိုင်လေးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုဇန်နဝါရီလ အတွင်း ၄ ကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။khit thit

နွားထိုးကြီးမြို့တွင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်နေသူ ပစ်ခတ်ခံရ၍ သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့တွင် ရွေးကောက်ပွဲအတွက် ပြည်သူများအား စည်းရုံးရေးလုပ်နေသည့် ဦးကြာလှဆိုသူ ပစ်ခတ်ခံရသဖြင့် နေရာမှာပင် သေဆုံးသွားကြောင်း နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ရက် ညနေ ၄နာရီခွဲအချိန်ခန့်က နွားထိုးကြီးမြို့ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးဉာဏ်ထွန်းအောင်၏တပည့် ဒုတိယတာဝန်ခံ ဘဏ္ဍာရေးမှူးဦးကြာလှသည် ရွေးကောက်ပွဲ ပြုလုပ်ရန် ပြည်သူများကို စည်းရုံးနေသဖြင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း NPDF အဖွဲ့တာဝန်ခံက ဆိုသည်။

“နွားထိုးကြီးမြို့နယ်က ဒုတာဝန်ခံ ဘဏ္ဍာရေးမှူးတော့ သွားရှာပီ။ တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြည်သူတွေကို မတရားစည်းရုံးနေတဲ့ မည်သူကိုမဆို ထိရောက်စွာအရေးယူသွားမယ်” ဟု မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း Natogyi People Defence Forceမှ ဒုတာဝန်ခံက မဇ္ဈိမကို ပြောသည်။

မြင်းခြံခရိုင် PDF တပ်ရင်း (၄) -NPDFအနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း နွားထိုးကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်နေသည့် သမဝါယမရုံးကို အသံဗုံးဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့သေးသည်။

ထို့အပြင် ဇန်နဝါရီလ ၁၂ရက် နံနက်ပိုင်းတွင်လည်း နွားထိုးကြီးမြို့အဝင်မှ တစ်မိုင်ခန့်သာကွာဝေးသည့် တောင်သာ-မလှိုင်လမ်းဆုံတွင် စစ်ကောင်စီထုတ်ကုန်များ သယ်ဆောင်လာခြင်းရှိမရှိ၊ စစ်ကောင်စီဒေါက်တိုင် အုပ်ကြီး၊ ဒလန်၊ ပျူစောထီးနှင့် Non-CDM ဝန်ထမ်းများ ပါမပါစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း NPDF အဖွဲ့ထံမှသိရသည်။mizzima

အရက်ချက်စက်ရုံ မီးလောင်မှု ၁၅ နာရီကျော် ငြှိမ်းသတ်ရ၊ မီးသတ်နှင့်ပရဟိတအဖွဲ့များ ဒဏ်ရာရ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာအုပ်စု အမှတ် ၄ လမ်းမကြီးပေါ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်ကျွမ်းမှုကို ဇန်န ဝါရီ ၁၄ ရက် မနက်အထိ ၁၅ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦး စီးဌာနမှ သိရပါတယ်။

Grand Royal အရက်ချက်စက်ရုံမီးလောင်မှုကို ဇန်နဝါရီ ၁၃ ရက် ညနေသုံးနာရီခွဲမှ ဇန်နဝါရီ ၁၄ ရက်မနက် ခုနှစ်နာရီအထိ မီးငြှိမ်းသတ်ခဲ့ရပြီ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတဝန်ထမ်း ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မီးသတ်အင်အားငါးရာကျော်နဲ့ မီးသတ်ရတာ။ ၂၀၂၃ နှစ်အစမှာတော့ အကြီးမားဆုံး မီးလောင်မှုပဲ။ မီးသတ်တွေရော၊ ပရဟိတအဖွဲ့တွေရော ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့အင်းစိန်ပြည်သူ့ဆေးရုံကြီးတို့မှာ ဆေးကုသမှုခံပေးထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“အရေပြားအပူလောင်တာတို့၊ အသက်ရှူမဝတာတို့ဖြစ်တာ ၁၀ ဦးကျော်တယ်။ သူတို့ကိုပဲ လူမှုရေးအသင်းကားတွေနဲ့ ဆေးရုံပို့ပေးလိုက်တယ်။” 

လက်တလောမှာ မီးလောင်တဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနမှ စစ်ဆေးတွက်ချက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ မီးလောင်မှု ၁၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ၉၆ ဦးသေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရသည့်အထဲ ရန်ကုန်က ၂၂၄ ကြိမ်မီးလောင်မှုဖြစ်ပွားပြီး ၇ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

ပေါက်မြို့နယ်နှင့်ပခုက္ကူတို့တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြိုနယ်၊ လယ်ဘဲ့ကျေးရွာဘက်သို့ ဦးတည်ကင်းပတ်လာသည့် ကုက္ကိုစုပျူစောထီးရွာရှိ အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ပျူစောထီးများကို ဇန်နဝါရီ ၁၂ ရက်နေ့ ‌မွန်းလွဲဲ ၁၂ ခွဲအချိန်တွင် တော်လှန်ရေးရဲဘော်များ ထောင်ထားသည့် တိုင်မိုင်းနင်းမိသည့်အပြင် ‌ထပ်မံ၍ မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဝင်နှင့် ပျူစောထီး ၂ ‌ဦးသေကာ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း မြိုင် ပကဖ က သတင်းထုတ်ပြန်သည်။

““(ကြိုတင်ထောင်ထားတဲ့) တိုင်မိုင်းမိတာပါဗျ။ နောက်တစ်ကြိမ်က ပေပါမိုင်းနဲ့ ထပ်ခွဲတာ။ မိုင်းဆွဲပြီး ပြန်ဆုတ်ခဲ့တာပါ။ ရဲဘော်တွေဘက်က ထိခိုက်မိတာ မရှိပါဘူး” ဟု မြိုင် ပကဖ မှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့‌ပြောကြားသည်။

တိုက်ခိုက်မှုကို မြိုင် ပကဖ နှင့် အတူ Anonymous Special Task Force PAUK အဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာနှင့် ကုန်းတက်ကန်ကျေးရွားကြားတွင် ထန်းပင်မြစ်တူးရန် လာသော ပျူစောထီးနှစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း Royal Defense Force (RDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက် နေ့လည် ၁ နာရီခန့်က ဆိုင်ကယ်ဖြင့် အင်ပင်ကျေးရွာမှ ပျူစောထီး နှစ် ဦး ရွာမြောက်ဘက်သို့ ထန်းပင်မြစ်တူးရန်လာရောက်ကြောင်း သတင်းအရ Royal Defense Force အဖွဲ့မှ သွား ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး စိုးမင်းနိုင်မှာ သေနတ်ထိမှန်ပြီး တမာပင်ဝင်တိုက်ကာ သေဆုံးသွား ကြောင်း သိရသည်။

“ထန်းပင်မြစ်တူးလာတယ်သတင်းရလို့ သွားပစ်တာ၊ မြင်တော့ ဆိုင်ကယ်နဲ့ထွက်ပြေးတာနဲ့လှမ်းပစ် လိုက်တာ၊ ပျူစောထီးစိုးမင်းနိုင်က သေ နတ်မှန်ပြီး တမာပင်ဝင်တိုက် သေဆုံးသွားတယ်၊ သူ့အပေါင်းပါ ကတော့ ပေါင်နဲ့လက်ကို ကျည်ထိပြီး ပခုက္ကူဆေးရုံကို ပို့ထားရတယ်တို့ သ တင်းရပါတယ်” ဟု Royal Defense Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ khit thit

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှလိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့၊ လားရှိုးမြို့၊ ကျောက်မဲမြို့တို့တွင် ယခုဇန်နဝါရီဒုတိယပတ်အတွင်း စစ်ကောင်စီမှ CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်များကို လိုက်လံဖမ်းဆီးလျက်ရှိရာ စုစုပေါင်း ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၉ရက်နေ့ညတွင် လားရှိုးမြို့ ရပ်ကွက်(၁၀) သာယာလမ်းနေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် နှစ်ဦးအပါအဝင် ပညာရေး CDM ဝန်ထမ်း လေးဦး၊ ကျန်းမာရေး CDM ဝန်ထမ်း သုံးဦးတို့ အဖမ်းခံခဲ့ရပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားခြင်းခံရသည်ဟု သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ညပိုင်းက ကျောက်မဲမြို့တွင်လည်း CDM ပြုလုပ်ထားသော အထွေထွေရောဂါကုသမားတော် တစ်ဦးနှင့် သွားဆရာဝန် တစ်ဦးတို့ ဖမ်းဆီးခံခဲ့ရပြီး သီပေါမြို့နယ် နမ့်လန်မြို့တွင်လည်း CDM ပြုလုပ်ထားသူ ကျောင်းဆရာမ နှစ်ဦးဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက အတည်ပြုပြောကြားသည်။

” ရှမ်းမြောက် CDM ကင်းစင်ရေး စီမံချက်လို့ကြားတယ်၊ ကျောက်မဲကတော့ သမားတော်နဲ့ သွားဆရာဝန်ပါတယ်၊ နမ့်လန်ကလည်း ဆရာမတွေပါသွားတယ်၊ ဖမ်းရုံတင်မဟုတ်ဘဲ အိမ်ထဲပါမွှေတာ၊ ထပ်ဖမ်းဖို့ရှိတယ်ကြားတယ် ” ဟုပြောသည်။

ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း သီပေါမြို့ပေါ်ရပ်ကွက်များမှ CDM ဝန်ထမ်းများအပါအဝင် လူငယ် ခုနစ်ဦးဖမ်းဆီးခံရသည်ဟုသတင်းများထွက်ပေါ်လျက်ရှိသော်လည်း သီးခြားအတည်ပြုနိုင်​ခြင်း မရှိသေးပေ။

ယခုဖမ်းဆီးမှုသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စီမံချက်ဖြင့် တပ်အရာရှိများ ပူးပေါင်းကာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သီပေါရဲစခန်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။mizzima

« Older Entries