စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်းနှင့် ပူးပေါင်းပါဝင်သူများကို နေပြည်တော်ပြောက်ကျားအဖွဲ့ သတိပေး

စစ်ကောင်စီက ပြုလုပ်မည့်အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်းနှင့် ပူးပေါင်းပါဝင်နေသူများကို ပြည်သူ့သစ္စာဖောက်များအဖြစ် သတ်မှတ်ကြောင်း နေပြည်တော်ဖောင်းဒိုင်း ပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၁၃ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် ပြည်သူ့သစ္စာဖောက်များကို ပြည်သူများကိုယ်စား ရှင်းလင်းအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း နေပြည်တော်ဖောင်းဒိုင်းအဖွဲ့က ဆိုထားသည်။
“စစ်ကောင်စီနဲ့ ပူးတွဲလိုက်ပြီးတော့ လူဦးရေစာရင်းလိုက်ကောက်နေတဲ့ အဖွဲ့တွေကိုက နံပါတ်တစ် ကျွန်တော်တို့အနေနဲ့ အရေးယူမှာပါ။ ထိထိရောက်ရောက် အရေးယူပြီး ကျရာနေရာကနေ တိုက်ခိုက်သွားမှာဖြစ်ပါတယ်”ဟု နေပြည်တော်ဖောင်းဒိုင်းအဖွဲ့မှ တာဝန်ခံ ကိုပခက ပြော သည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ကြရန်လည်း ၎င်းက တိုက်တွန်းနှိုးဆော်သည်။
လက်ရှိတွင် စစ်ကောင်စီက နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက် ယူခြင်းကို ဇန်နဝါရီလ ၉ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာထားသည်။
စစ်ကောင်စီ၏ မဲစာရင်း ပြုစုခြင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၌ ပူးပေါင်းကူညီသူများကို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း နေ ပြည်တော်က ပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ကလည်း ဇန်နဝါရီလ ၁၀ရက်နေ့က ထုတ်ပြန်ထား သည်။
ထို့အပြင် မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေး အားပေးအားမြှောက်ပြုဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကများနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း NUGကလည်း အသိပေးထားသည်။
မြေပြင်ကွင်းဆင်းကောက်ယူမှုများဆောင်ရွက်ရာတွင် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ကရင်ပြည် နယ် ကော့ကရိတ်မြို့နယ်၊ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်၊ ချင်းပြည်နယ် ဟားခါးမြို့တို့တွင် တိုက်ခိုက်ခံရပြီး ဒုရဲအုပ်တစ်ဦးနှင့် ရဲဒုတိယတပ်ကြပ်တစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ mizzima