ဒွယ်လိုးမြို့နယ်မှာ စစ်တပ်က တိုက်လေယာဉ် ၄ စီးဖြင့် ဗုံး ၈ လုံးကြဲချ၊ အရပ်သား ၅ ဦးသေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ် လေးစီးဖြင့် ဗုံးရှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သား ငါးဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားကြောင်း KNU တပ်မဟာ (၅)က ထုတ်ပြန်လာသည်။
ဒွယ်လိုးမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို ဇန်နဝါရီလ ၁၂ ရက်နေ့၊ ညနေ ၂ နာရီကျော် အချိန်တွင် စစ်ကောင်စီစစ်တပ်မှ ဗုံးရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ခြောက်လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သား ငါးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သားများ ထိခိုက်သေဆုံးသည့်အပြင် ကျေးရွာအတွင်း လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း KNU တပ်ဟာမ (၅) က ထုတ်ပြန်သည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်ကလည်း ဘူးသိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အ သက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ ၅ နာရီခွဲခန့်ကလည်း မထောအခြေစိုက် စစ်ကောင်စီစစ်တပ် စကခ (၈)၊ ခမရ (၄၀၇) တပ်ဖွဲ့ဝင်များမှ ဒွယ်လိုမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၊ ဖွေးပဝါကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၄၀ ကျော် အမျိုးသားတစ်ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်။
အာဏာသိမ်း စစ်တပ်အနေဖြင့် အရပ်သား ပစ်မှတ်များကို ရှောင်ရှားရန်နှင့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန် ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာက တိုက်တွန်းနေသည့်ကြားက ထိုသို့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်၏ လေကြောင်တိုက်ခိုက်မှုကြောင့် ဒေသခံများနှင့် ကျောင်းသူ၊ ကျောင်းသားများမှာ စိုးရိမ်ထိတ်လန့်နေကြရပြီး ကလေးငယ်များ ကျောင်းပုံမှန် မတက်ရောက်နိုင်သည့် အခြေအနေဖြင့် ရင်ဆိုင်နေကြရကြောင်းလည်း KNU က ဆိုသည်။
စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ထားသော KNU တပ်ဖွဲ့နှင့် အာဏာသိမ်း စစ်တပ်တို့အကြား နေ့စဉ်တိုက်ပွဲများလည်း ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ၍ ဒေသခံအများအပြားလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။mizzima