နွားထိုးကြီးမြို့တွင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်နေသူ ပစ်ခတ်ခံရ၍ သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့တွင် ရွေးကောက်ပွဲအတွက် ပြည်သူများအား စည်းရုံးရေးလုပ်နေသည့် ဦးကြာလှဆိုသူ ပစ်ခတ်ခံရသဖြင့် နေရာမှာပင် သေဆုံးသွားကြောင်း နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၃ရက် ညနေ ၄နာရီခွဲအချိန်ခန့်က နွားထိုးကြီးမြို့ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးဉာဏ်ထွန်းအောင်၏တပည့် ဒုတိယတာဝန်ခံ ဘဏ္ဍာရေးမှူးဦးကြာလှသည် ရွေးကောက်ပွဲ ပြုလုပ်ရန် ပြည်သူများကို စည်းရုံးနေသဖြင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း NPDF အဖွဲ့တာဝန်ခံက ဆိုသည်။
“နွားထိုးကြီးမြို့နယ်က ဒုတာဝန်ခံ ဘဏ္ဍာရေးမှူးတော့ သွားရှာပီ။ တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြည်သူတွေကို မတရားစည်းရုံးနေတဲ့ မည်သူကိုမဆို ထိရောက်စွာအရေးယူသွားမယ်” ဟု မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း Natogyi People Defence Forceမှ ဒုတာဝန်ခံက မဇ္ဈိမကို ပြောသည်။
မြင်းခြံခရိုင် PDF တပ်ရင်း (၄) -NPDFအနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း နွားထိုးကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်နေသည့် သမဝါယမရုံးကို အသံဗုံးဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့သေးသည်။
ထို့အပြင် ဇန်နဝါရီလ ၁၂ရက် နံနက်ပိုင်းတွင်လည်း နွားထိုးကြီးမြို့အဝင်မှ တစ်မိုင်ခန့်သာကွာဝေးသည့် တောင်သာ-မလှိုင်လမ်းဆုံတွင် စစ်ကောင်စီထုတ်ကုန်များ သယ်ဆောင်လာခြင်းရှိမရှိ၊ စစ်ကောင်စီဒေါက်တိုင် အုပ်ကြီး၊ ဒလန်၊ ပျူစောထီးနှင့် Non-CDM ဝန်ထမ်းများ ပါမပါစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း NPDF အဖွဲ့ထံမှသိရသည်။mizzima