ရိက္ခာသယ်ရန် ကင်းပုန်းဝပ်နေသည့် ပျူစောထီးဆိုသူများ တိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံး
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် တောပုကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်ဆိုသူများ ရိက္ခာသယ်ယူရန်အတွက် ကင်းပုန်းဝပ်နေစဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီး သုံးဦး နေရာတွင်သေဆုံးပြီး ဒဏ်ရာသူများလည်းအများအပြားရှိကြောင်း Area 71 Defense Force (Monywa) က ဇန်နဝါရီလ ၁၂ရက်နေ့တွင် ထုတ်ပြန်သည်။
မုံရွာမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များမှ တောပုကျေးရွာ ပျူစောထီးများအတွက် ရိက္ခာများ သယ်ယူလာခြင်းအား စောင့်ဆိုင်းသယ်သူရန် မုံရွာ – ချောင်းဦးလမ်းပေါ်သို့ တက်ကာ ကင်းပုန်းဝပ်နေစဉ် ဇန်နဝါရီ ၁၂ရက် နေ့လယ် ၂နာရီ ၃၀မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆို သည်။
“အဲဒီ ပျူတွေကိုယ်တိုင် ရွာကနေ အပြင်ထွက်ဝယ်စားသောက်ဖို့ရာ မလွယ်တော့တဲ့ အခြေအနေဖြစ်တဲ့အတွက် စစ်တပ်က ရိက္ခာပို့နေရတာပါ ၊ အဲဒီသတင်းရတဲ့အတွက် သွားတိုက်ခဲ့ကြတာ” ဟု Area 71 Defense Force ပြန်ကြားရေးတာဝန်ခံက မဇ္စျိမ ကိုပြောသည်။
ကင်းပုန်းဝပ်နေသော အင်အား ၃၀ခန့်ရှိသည့် ပျူစောထီးများကို တာဝေးပစ် ၄၀မမ ၊ လက်လုပ်ရှောဂန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးမှန်၍ ပျူစောထီး သုံးဦး နေရာတွင် ပွဲခြင်းပြီးသေဆုံးကြောင်း နှင့် ဒဏ်ရာရရှိသူများရှိကြောင်းကို ၎င်းတို့ အထောက်တော်မှ မျက်မြင်တွေ့ခဲ့ရကြောင်း ဆိုသည်။
ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် ပျူစောထီးများဘက်မှ လက်လုပ်အမျိုးအမည်မသိနိုင်သော လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော် လည်း ကာကွယ်ရေးပူးပေါင်းအဖွဲ့မှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကို Area 71 PDF (Monywa) နှင့် အတူ Monywa Special ဒိတ်ဒိတ်ကြဲ ၊ The Ant’s LPDF အဖွဲ့တို့မှ ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၇ရက်နေ့လယ် ညနေ ၄နာရီ ၃၀မိနစ်အချိန်တွင် ချောင်းဦးမှ စစ်ကောင်စီတပ်သားများကို တင်ဆောင်လာသည့် သံပြားများကာရံထားသည့် စစ်ကား ငါးစီးအနက် နှစ်စီးအား ပဒေသာမိုင်း သုံးလုံးတွဲဖြင့် Area 71 PDF နှင့် Urban Hunter Force နှင့် အတူ စောင့်ကြိုတိုက် ခိုက်ခဲ့သေးကြောင်း သိရှိရသည်။mizzima