ရှမ်းပြည်နယ်မြောက်ပိုင်းတွင် CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှလိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့၊ လားရှိုးမြို့၊ ကျောက်မဲမြို့တို့တွင် ယခုဇန်နဝါရီဒုတိယပတ်အတွင်း စစ်ကောင်စီမှ CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်များကို လိုက်လံဖမ်းဆီးလျက်ရှိရာ စုစုပေါင်း ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၉ရက်နေ့ညတွင် လားရှိုးမြို့ ရပ်ကွက်(၁၀) သာယာလမ်းနေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် နှစ်ဦးအပါအဝင် ပညာရေး CDM ဝန်ထမ်း လေးဦး၊ ကျန်းမာရေး CDM ဝန်ထမ်း သုံးဦးတို့ အဖမ်းခံခဲ့ရပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားခြင်းခံရသည်ဟု သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ညပိုင်းက ကျောက်မဲမြို့တွင်လည်း CDM ပြုလုပ်ထားသော အထွေထွေရောဂါကုသမားတော် တစ်ဦးနှင့် သွားဆရာဝန် တစ်ဦးတို့ ဖမ်းဆီးခံခဲ့ရပြီး သီပေါမြို့နယ် နမ့်လန်မြို့တွင်လည်း CDM ပြုလုပ်ထားသူ ကျောင်းဆရာမ နှစ်ဦးဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက အတည်ပြုပြောကြားသည်။
” ရှမ်းမြောက် CDM ကင်းစင်ရေး စီမံချက်လို့ကြားတယ်၊ ကျောက်မဲကတော့ သမားတော်နဲ့ သွားဆရာဝန်ပါတယ်၊ နမ့်လန်ကလည်း ဆရာမတွေပါသွားတယ်၊ ဖမ်းရုံတင်မဟုတ်ဘဲ အိမ်ထဲပါမွှေတာ၊ ထပ်ဖမ်းဖို့ရှိတယ်ကြားတယ် ” ဟုပြောသည်။
ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း သီပေါမြို့ပေါ်ရပ်ကွက်များမှ CDM ဝန်ထမ်းများအပါအဝင် လူငယ် ခုနစ်ဦးဖမ်းဆီးခံရသည်ဟုသတင်းများထွက်ပေါ်လျက်ရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခုဖမ်းဆီးမှုသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စီမံချက်ဖြင့် တပ်အရာရှိများ ပူးပေါင်းကာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သီပေါရဲစခန်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။mizzima