သထုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ၃ ခုကို ဒရုန်းဖြင့် တိုက်ခိုက်
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၉ အထိုင်စခန်း၊ ပိန္နဲတောစခန်းနှင့် ဝီယော်စခန်းတို့ကို ၄၀ မမ ၊ ၆၀ မမ ဗုံးသီးများကို အသုံးပြုကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Hawk Revolution Squad (HRS) မှ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနကထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းပကျေးရွာ ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၉ အထိုင်တပ်ရင်းအတွင်းသို့ အင်အား ၇၀ ခန့်ပါ အကြမ်းဖက်စစ် ကောင်စီကားကြီး ၃ စီးမှ ဝင်ရောက်တစ်ထောက်နားနေစဉ် ၆၀ မမ ဗုံးသီးများ၊ ၄၀ မမဗုံးသီးများအသုံး ပြုကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“HRS အနေနဲ့ Aerial Bomb များကို ဆက်လက်ထုတ်လုပ်နိုင်ဖို့နဲ့ Mission တွေ ဆက်လက်လုပ်ဆောင် နိုင်ဖို့ ခက်ခဲနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု Hawk Revolution Squad (HRS)အဖွဲ့တာဝန်ခံက ပြောကြားသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆောက်အအုံများ ပျက်စီးကာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန်အ တော်ကြာကြာရမ်းသမ်းပစ်ခတ်ခဲ့ပြီး ည ၁၂ နာရီကျော်အထိ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ ကြောင်း Hawk Revolution Squad (HRS)အဖွဲ့ထံမှ သိရသည်။
အဆိုပါအကြမ်းဖက်စစ်တပ်၏ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ၆၀ မမ ၄၀ မမ ဗုံးသီးများအသုံးပြုကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက သထုံမြို့နယ်၊ ဝီယော်ကျေးရွာရှိ အကြမ်း ဖက်စစ်ကောင်စီစခန်းကို ၆၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် သား များထိခိုက်သေဆုံးမှုရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို KNLA တပ်ရင်း ၂ ၊တပ်ခွဲ ၃ ၊ Hawk Revolution Squad (HRS)နှင့် PDF တပ်ရင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။khit thit