အချက်အလက်မမှန်ကန်သည့် Sim Card များကို ပိတ်သိမ်းသွားမည်ဟု စစ်ကောင်စီ ထပ်မံအသိပေး

တယ်လီဖုန်းဆင်းကတ်များ မှတ်ပုံတင်ရာတွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ မှန်ကန်မှုမရှိပါက ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးသည်။
ယင်းသို့ အသိပေးရာ၌ ယခုဇန်နဝါရီလအတွင်း တယ်လီဖုန်းအော်ပရေတာများမှတစ်ဆင့် သုံးစွဲသူများထံသို့ မက်ဆေ့စ်ပေးပို့၍ ထပ်မံအသိပေးလာခြင်း ဖြစ်သည်။
အသိပေးချက်တွင် Sim Card မှတ်ပုံတင်မှုအား ယခုလ ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်ပြီး အချက်အလက်များကို စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ မှန်ကန်မှုမရှိပါက ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးလာခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် မိမိတို့၏ အချက်အလက်များ ကိုယ်တိုင်ထည့်သွင်း ပြင်ဆင်လိုပါက *766# သို့ ခေါ်ဆို၍သော်လည်းကောင်း ၊ bit.ly/CAF-MM မှလည်းကောင်း မှတ်ပုံတင်နိုင်ကြောင်း ဆိုသည်။
“စစ်တပ်က တော်လှန်ရေးအတွက် ထောက်ပို့အင်အားတွေ ချိနဲ့အောင်လုပ်တယ်လို့ မြင်တယ်။ လွန်ခဲ့တဲ့လတွေကလည်း ငွေထုတ်ငွေသွင်းကိစ္စတွေကို ကြပ်မတ်တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ထောက်ပို့အင်အားစုတွေကို နှိပ်ကွပ်နေတာပဲလို့ မြင်တယ်။ ဆင်းကတ်မှတ်ပုံတင်တာတွေ ပြီးသွားတဲ့နောက်ပိုင်းမှာ ဖုန်းပြောဆိုတာတွေကအစ သတိထားရတော့မယ့် အခြေအနေပေါ့။ စစ်ကောင်စီ လက်ထက်တိုင်းမှာ လူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေ နောက်ကွယ်က လိုက်စုံစမ်းတဲ့ ကိစ္စတွေက အမြဲလို ဖြစ်နေတဲ့ အရာတွေပေါ့။ ဒါတွေကို ကြည့်ရင် သူတို့(စစ်တပ်)ဟာ ပြည်သူတိုင်းကို ရန်သူလိုထင်ပြီး ပစ်မှတ်ထား စောင့်ကြည့်မယ်ဆိုတဲ့ သဘောလို့ မြင်တယ်” ဟု CDM လှုပ်ရှားမှုတွင် ပါဝင်သည့် အထက်တန်းပြ ကျောင်းဆရာမတစ်ဦးက သူ၏အမြင်ကို သုံးသပ်ပြောသည်။
Sim Card မှတ်ပုံတင်ရာတွင် အသုံးပြုခဲ့သော အင်တာနက်ဒေတာအတွက် အစားထိုး အင်တာနက်ဒေတာ 500MB (သုံးရက်အတွင်းအသုံးပြုခွင့်)ကို ၄၈ နာရီအတွင်း ပြန်လည်ပေးသွားမည်ဟုလည်း ဖုန်းအော်ပရေတာများမှတစ်ဆင့် အသိပေးထားသည်။
စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကလည်း ပြီးခဲ့သည့်၂၀၂၂ ခုနှစ်အတွင်းက ဆင်းကတ်များ မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်၊ နိုင်ငံသားစီစစ်ရေးကတ်အမှတ်စသည့် အချက်အလက်များကို လ၀က၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
မိမိတို့ကိုယ်တိုင် ဆင်းကတ်မှတ်ပုံတင်မည်ဆိုပါက မြန်မာ့ဆက်သွယ်ရးလုပ်ငန်း(MPT)အတွက် *601#၊ Atom အတွက် *979*3*3#၊ Ooredoo အတွက် *666#၊ Mytel အတွက် *966# သို့ ခေါ်ဆို၍ အချက်အလက်မှန်မမှန် စစ်ဆေးကြည့်ရှုနိုင်ကြောင်း အသိပေးထားသည်။
လက်ရှိတွင် ဖုန်းအော်ပရေတာများက ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် အင်တာနက်ဒေတာများအသုံးပြု၍ ဖြည့်စွက်နိုင်သည်ဟု အသိပေးထားသော်လည်း ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ နေပြည်တော်အပါအဝင် မန္တလေးမြို့တို့တွင် အင်တာနက်အော်ပရေတာများသာမက ကိုယ်ပိုင်ဝိုင်ဖိုင်ချိတ်ဆက်အသုံးပြုမှုများ နှေးကွေးနေလျက်ရှိသည်ကို ကြုံတွေ့နေရသည်။
“စစ်တပ်ဟာ အာဏာလုပြီးတိုင်း လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ချိုးဖောက်တဲ့ အခြေအနေပေါ့။ ဒါမျိုးတွေက ဟိုအရင် ခေတ် အဆက်ဆက် တိုင်းပြည်မှာ စစ်တပ်အာဏာလုပြီးတိုင်း လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေ လှုပ်ရှားမှုတွေကို နောက်ယောင်ခံလိုက်တာပေါ့။ အရင် ဖုန်းတွေ မကိုင်နိုင်ခဲ့စဉ်မှာလည်း လူတစ်ယောက်ရဲ့နောက်ကို ရှဲဒိုးလိုက်တာတွေရှိခဲ့တယ်။ မသင်္ကာရင် ဖမ်းဆီးစစ်ဆေးတာမျိုးတွေ လုပ်တယ်၊။ အခုကြားနေတာကလည်း မှုခင်းတွေကျဆင်းအောင် ကြိုတင်ဆောင်ရွက်တယ်လို့ ပြောနေပေမယ့် ဒါကို အကြောင်းပြုပြီး ချိုးဖောက်ဖို့ ကြိုးစားနေတာပဲ” ဟု ရန်ကုန်နေ ဝါရင့် နိုင်ငံရေးသမား တစ်ဦးက သူ၏ အတွေ့အကြုံနှင့် နှိုင်းယှဉ် သုံးသပ်ပြသည်။ mizzima