အရာတော်မြို့ရှိ စက်မှုလယ်ယာရုံး စကစဂိတ်ကို PDF က ဒရုန်းဖြင့်ဗုံးကြဲ၊ ၂ဦးသေ ၃ဦး ဒဏ်ရာပြင်းထန်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စက်မှုလယ်ယာရုံး စကစဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့( PDF)များက ယမန်နေ့ ဇန်နဝါရီလ ၁၃ရက်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးယောက်အပြင်းအထန် ဒဏ်ရာရသွားကြောင်း PDFတပ်ဖွဲ့များထံမှ သိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီခန့်က မုံရွာခရိုင် အရာတော်မြို့အနောက်ဘက်အထွက် လမ်းမပေါ်ရှိ စက်မှုလယ်ယာရုံးအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဂိတ်ကို Drone Mission (ဒရုန်းစစ်ဆင်ရေး)အဖြစ် ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
” စကစတပ်သားနှစ်ယောက်သေတယ်၊ သုံးယောက်က ဆေးကြိတ်ကုနေတယ်လို့ နယ်မြေခံကင်းထောက်တွေ ဆီကနေသိရပါတယ်၊ Drone နဲ့တိုက်ခိုက်ခံရပြီးနောက် ပြန်လည်ပစ်ခတ်မှုတွေရှိပါတယ်၊ ကောင်လေးနှစ်ယောက်ကိုလည်း ဖမ်းထားပြီး နောက်မှ ပြန်လွှတ်ပေးတယ်၊ ထပ်မတိုက်ခိုက်နိုင်အောင် လူသားဒိုင်းလုပ်တဲ့သဘောပေါ့” ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် Danger Force LPDFမှ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမသို့ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF နှင့်အတူ၊ Ngwe Dwin Revolution Force(NDRF)၊ Zero ပြောက်ကျားတပ်ဖွဲ့၊ IBEX တပ်ဖွဲ့နှင့် အရာတော် ပ.က.ဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“စက်မှုလယ်ယာရုံးထဲ တပ်စွဲထားတဲ့ စကစဂိတ် ဒရုန်းနဲ့ထုခံလိုက်ရတာပါ၊ အစောင့်စစ်သားနှစ်ယောက်က အဲဒီ နေရာမှာတင် သေတယ်လို့ အဲဒီရုံးဘက်ကလူတွေပြောတာပဲ၊ ဆေးရုံကားတွေ ၀င်တာထွက်တာတော့ မျက်မြင်ပဲလေ” ဟု ဒေသခံတစ်ဦးကလည်း ဆိုသည်။
Danger Force LPDF နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့သည် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်ကလည်း၊ အရာတော်မြို့နယ် ကျွန်းဖိုပင်ကျေးရွာလမ်းပေါ်သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို Drone ဖြင့် လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဒဏ်ရာရသေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးကို Danger Force LPDF နှင့်အတူ၊ Ngwe Dwin Revolution Force(NDRF)၊ MRTF တပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing(ABN-PDF)၊ မိုင်းမင်းသား မြေအောက် ပြောက်ကျားတပ်ဖွဲ့၊ IBEX တပ်ဖွဲ့နှင့်ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။mizzima