CDF – Zophei ထံ လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီတပ်သား ခိုလှုံ

ချင်းပြည်နယ် ၊ ဟားခါးမြို့အခြေစိုက် ခလရ (၂၆၆) တပ်မှ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံလာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုဖေး) CDF – Zophei က ထုတ်ပြန်သည်။
ဇန်နဝါရီလ ၆ ရက်နေ့တွင် MA သေနတ် တစ်လက် ၊ ကျည်ဆန်များနှင့် အတူ လာရောက်ပူးပေါင်းခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ပြည်သူ့ဘက်အလင်းဝင် ခိုလှုံလာသူအား ထိုက်သင့်သော ဆုကြေးလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အဆိုပါတပ်ဖွဲ့ဝင်အား တည်ငြိမ်အေးချမ်းသော လွတ်မြောက်နယ်မြေသို့ ကောင်းမွန်စွာ ရောက်ရှိနိုင်ရေး တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ဆိုသည်။
အလားတူ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ခလရ (၂၆၆) မှ တပ်သား သုံးဦးသည် သေနတ်နှစ်လက်၊ လက်ပစ်ဗုံးသုံးလုံး၊ ကျည်ဆန် ၇၀၀ ကျော်နှင့်အတူ ခိုလှုံလာခဲ့သည်။
နိုဝင်ဘာလ၌ ဟားခါးမြို့မှ ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည်လည်း G3တစ်လက် ကျည်ဆန် ၁၃၀ကျော်အပါအဝင် တခြားအသုံးအဆောင်ပစ္စည်းများနှင့်အတူ CDF – Zophei ထံသို့ ခိုလှုံခဲ့သေးသည်။
ချင်းအမျိုးသားတပ်ဦး(CNF)၏ လမ်းညွှန်မှုကိုခံယူလျှက် CDF – Zophei တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ထန်တလန်မြို့နယ် ဇိုဖေးဒေသတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထိုစဉ်ကတည်းက အမျိူးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ များနှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF – Zophei မှ ထုတ်ပြန်ထားသည်။mizzima