ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေးနေသည့် KTV မိုင်းဆွဲခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ပွင့်ဖြူလမ်းမ၊ အောက်ဆိပ်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေးနေသည့် ဆုံဆည်းရာ KTV ကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Oak Awe UG Group မှ ကိုဥဩက ပြောသည်။
“အဲဒီ KTV ပိုင်ရှင်ဟာ စစ်ကောင်စီရဲ့ အမာခံထောက်တိုင်ဖြစ်တယ်။ နောက်ပြီး အဲဒီ KTV က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အမြဲတမ်းသွားလာကြတယ် အကောင်ကြီးတွေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ခေါ်ပြီး လုံခြုံရေးယူခိုင်းထားတာ။ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြု နိုင် သေးကြောင်းနှင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးများ တင်းကြပ်စွားချထားကြောင်း သိရသည်။
တိုက်ခိုက်မှုကို Oak Awe UG Group နှင့် Black Hawk Seikphyu Revolution Frontအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ယင်းမဟာမိတ်တပ်ဖွဲ့နှစ်ဖွဲ့ပူးပေါင်း၍ ဆိပ်ဖြူ-ဆော၊ ဆိပ်ဖြူ-ပခုက္ကူ လမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီ၏ ရိက္ခာတင်ကား ကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။mizzima