ဌာနချုပ်ကို လေကြောင်းမှတိုက်ခိုက်ခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့၏ သူရဲဘောကြောင်သောလုပ်ရပ်ဟု CNF ဆို

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/တပ်မတော် ဌာနချုပ် ဗစ်တိုး ရီးယားစခန်းကို စစ်ကောင်စီတပ်ဖွဲ့၏ လေ ကြောင်းမှတိုက်ခိုက်မှုသည် သူရဲဘောကြောင်သော လုပ်ရပ် ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ကဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထုတ် ပြန်သည်။
ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် CNF/CNA ဌာနချုပ်အား လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ သည့်အတွက် ရဲဘော်၊ ရဲမေ ငါးဦးကျဆုံးခဲ့ရပြီး လွတ်လပ်မှုအတွက် ပေးဆပ်ရင်းကျဆုံးခဲ့ရမှုအပေါ် ချီးကျူးဂုဏ်ပြုကြောင်း ဆိုသည်။
ထို့ပြင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ဌာနချုပ်အတွင်းရှိ အရပ်ဖက် အခြေခံအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရပြီး လူနေအိမ်များနှင့် ဆေးကုသဆောင်တစ်ခု ပျက်စီးခဲ့ရကြောင်းသိရသည်။
ယင်းသို့ လူမဆန် ၊ သူရဲဘောကြောင်သော လုပ်ရပ်များအပြင် လူသေဆုံးစေသော လေကြောင်း တိုက်ခိုက် မှုများ လုပ်ဆောင်နိုင်ရန် ပံ့ပိုးထောက်ကူပေးသည့် လုပ်ရပ်များအပေါ် အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်ခဲ့မှုများအတွင်း ဗုံးတစ်လုံးသည် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည် နယ်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းတို့ နိုင်ငံသားများအတွက် အသက်အိုးအိမ်များ အန္တရာယ်ဖြစ် စေခဲ့ကြောင်း ဆိုသည်။
ယခုကဲ့သို့ လေကြောင်းမှတိုက်ခိုက်မှုသည် နိုင်ငံတဝှမ်း ကြီးထွားလာနေသည့် လက်နက်ကိုင်တော်လှန်မှု များနှင့်ရင်ဆိုင်ရသည့် စစ်ကောင်စီတပ်အနေဖြင့် မြေပြင်တိုက်ပွဲများတွင် စွမ်းရည်မရှိမှုနှင့် ကြံမိကြံရာ ဖြစ်မှုတို့ တိုးပွားလာနေသည်ကို ပြသနေကြောင်း CNF ကဆိုသည်။
၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီမှအာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် လူအများအပြားအပေါ် အကြမ်းဖက်ကျူးလွန်ခဲ့ပြီး ယင်းလုပ်ရပ်သည် ငြိမ်းချမ်းရေးအတွက်ဖြေရှင်းချက်မဟုတ်ကြောင်းကို မြန်မာ နိုင်ငံ၏ အိမ်နီးချင်းများအနေဖြင့် လက်ခံသင့်ကြောင်း တိုက်တွန်းထား သည်။
မြန်မာပြည်၏ပြဿနာများသည် ဒေသတွင်းနှင့် နိုင်ငံတကာအတွက် စိုးရိမ်ပူပန်စရာကိစ္စဖြစ်လာခဲ့ ကြောင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဆုံးဖြတ်ချက် ၂၆၆၉ တွင် လက်ခံထားခဲ့ ကြောင်း သိရသည်။
အဆိုပါအခြေအနေများအောက်တွင် စစ်ကောင်စီတပ်မှာ ပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ တိုက်ခိုက် လာသည့်အတွက် စစ်လေယာဉ်မပျံ သန်းရဇုန်တစ်ခုနှင့် ပြည်သူများကာကွယ်လုံခြုံမှုရှိစေရန်နှင့် လူသား ချင်းစာနာမှုအကူအညီများ၊ ဆက်သွယ်ရေးနည်းပညာနှင့်အခြားလိုအပ်သောအကူအညီများကို ထောက်ပံ့ ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ပန်ကြားထားသည်။
ထို့ပြင် စစ်ကောင်စီထံ လက်နက်နှင့် ဆက်စပ်နည်းပညာများတင်ပို့မှုနှင့် လေယာဉ်ဆီတင်ပို့မှုအပေါ် ပိတ်ပင်တားမြစ်ရန် နိုင်ငံအားလုံးဘက်မှ လုပ်ဆောင်ရန် အရေးကြီးကြောင်း ဆိုသည်။
ချင်းအမျိုးသားတပ်ဦးသည် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီနှင့် လွတ်လပ်မှုတို့အတွက် နိုင်ငံတဝန်းရှိ တော်လှန်ရေးလှုပ်ရှားမှုများနှင့် ပိုမိုစည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ mizzima