ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူ ကားလမ်းမကြီးကို ၁ ပတ်ခန့် အသုံးမပြုရန် KNU တား မြစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူကို ဆက်သွယ်ထားသော ကားလမ်းမကြီး ကို တစ်ပတ်ကြာ အသုံးပြုခွင့်ယာယီကန့်သတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) က ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် တားမြစ်စာထုတ်ပြန်လိုက်သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေ၍ ခရီးသွားပြည်သူများ ခရီးသွားရာ တွင် အန္တရာယ်ရှိသည့် အခြေအနေဖြစ်၍ လုံးဝဖြတ်သန်းမသွားကြရန် KNU က သတိပေးချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ကားလမ်းမကြီးအား ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ဖြတ်သန်းသွားလာခွင့် ကို KNU က ကန့်သတ်ထားခြင်း ဖြစ် သည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၃)၊ ခလရ (၂၈၄) နှင့် ခရလ (၃၂) တပ် စခန်းနေရာသုံးခုကို ဇန်န ဝါရီလ ၄ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။
ယင်းကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ခလရ(၂၈၄) ယာယီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်းအပါအဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက် ဒဏ်ရာရသူတချို့ ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ လူနေအိမ်အချို့ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများကပြော သည်။
ထို့ပြင် ဘုရားသုံးဆူမြို့နယ်၊ တောင်စွန်းစစ်ကောင်စီ တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့တွင် စီးနင်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီ ဘက်က ၈၀ ကျော်သေဆုံးကာ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာများ ရရှိသွားကြောင်း S.O.F အထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများမှ S.O.F တပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ပူးပေါင်းအဖွဲ့များမှ တပ်ဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦးကျဆုံးခဲ့သည်။
ကရင်ပြည်နယ်တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား လစဉ် တိုက်ပွဲပေါင်း ရာနှင့်ချီဖြစ်ပွားလျှက်ရှိသည်။ mizzima