ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ နေအိမ် ၁၁၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ နေအိမ် ၁၁၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မီးရှို့ဖျက်ဆီးခံရသည့်ကျေးရွာများမှာ သရက်ကန်၊ ညောင်ရင်းကုန်း၊ သပြေအေး၊ တောင်ရွာသစ်နှင့် သရက်လှကျေးရွာများဖြစ်ကြောင်း သိရသည်။
“အင်မထီး၊ ဇီးဖြူကုန်းပျူစောထီးစခန်းက အရပ်သားလက်နက်ကိုင်တွေနဲ့ ကန့်ဒေါင့်စခန်းက စစ်ကောင်စီ တပ်သားတွေပူးပေါင်းပြီး ရွာစဉ်စစ်ကြောင်းထိုးမီးရှို့နေတာပါ”ဟု ဒေသခံက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးမီးရှို့မှုကြောင့် သရက်ကန်ကျေးရွာမှ အိမ်ခြေ ၄၆ လုံး၊ ညောင်ရင်းကုန်းရွာမှ အိမ်ခြေ ၁၃ လုံး၊ သပြေအေးရွာမှ အိမ်ခြေ ကိုးလုံး၊ တောင်ရွာသစ်ကျေးရွာမှ အိမ်ခြေ ၁၁ လုံး နှင့် သရက်လှ ကျေးရွာမှ အိမ်ခြေ ၃၄ လုံး စုစုပေါင်း အိမ်ခြေ ၁၁၃ လုံး မီးလောင်သွားကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ၎င်းပြုစုထားသည့် စာရင်းကိုပြောပြသည်။
“ကျနော်တို့ ရွာကိုရောက်တော့ အိမ်ကပြာကျနေပြီ ဗျ။ ကျနော်က ယောက်ျားဆိုတော့ စိတ်ထဲတင်မှာဘဲ ထားတယ်။ ကျနော့်အမျိုးသမီးကတော့ ပြာကျသွားတဲ့အိမ်ကိုကြည့်ပြီး သတိလစ်သွားတဲ့အထိ ငိုတာပေါ့။ အမေဖြစ်သူငိုတော့ သားသမီးတွေကအစ လိုက်ပြီးငိုကြတာပေါ့ဗျာ။ တစ်ခြားသူတွေလည်း ငိုကြတာပါပဲ။ နှစ်ရှည်လများစုဆောင်းပြီး ကြိုးစားဆောက်ထားတဲ့ အိမ်ဆိုတော့လေ။ ကျနော်တို့ကတော့ ဘယ်လိုမှ မကျေနပ်နိုင်ဘူး”ဟု စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်မီးလောင်သွားသည့်ဒေသခံတစ်ဦး ကလည်းပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပုလဲဒေသခံတစ်ဦးဖြစ်သည့် အသက် ၆၇ နှစ်အရွယ် ဦးတူးဆိုသူကိုလည်း သေနတ်ဖြင့်ပစ်သတ်၍ မီးရှို့ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ကန့်ဒေါင့်ရဲစခန်းကိုလည်း အင်အား ၇၀ ခန့် ထပ်မံဖြည့်တင်းထားပြီး တပ်စွဲနေ ကြောင်း သိရသည်။
အဆိုပါ စခန်းတွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၁၂၀ မမ၊ ၈၀ မမ ၊ ၆၀ မမ တို့ဖြင့် ရမ်းသန်းပစ်ခတ်မှုပြားပြုလုပ်နေခြင်းကြောင့် ကန့်ဒေါင့်၊ မဲစည်၊ သရက်လဇ၊ ညောင်ဝန်း၊ အောင်ချမ်းသာ၊ ကိုးပင်၊ ဦးနှောက်၊ သပြေအေး၊ ချောင်းနားနှင့် ထန်းတောရွာတို့မှ ဒေသခံ ၄,၀၀၀ ကျော် စစ်ရှောင်နေရ ကြောင်းသိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကန့်ဒေါင့်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ သည် ကိုးပင်ရွာကို မီးတင်ရှို့နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ mizzima