မတူပီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့် CDF – Matupi တို့ တိုက် ပွဲဖြစ်ပွား

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)CDF–Matupi က ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။
မတူပီ-ဟားခါးလမ်းပေါ်ရှိ ငလိုင်ကျေးရွာတွင် ရှေ့တန်းကင်းစခန်းချထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ ကို အင်အား ၁၀၀ ခန့်ရှိ ခလရ (၁၄၀) စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။
“အခုတိုက်ပွဲဖြစ်တဲ့နေရာနဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာနဲ့က ဟိုဘက်ဒီဘက် တောင်ကုန်းတွေ မှာရှိကြတာ။ ရှေ့တန်းကင်းစခန်းအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး သူတို့က အလုံးအရင်းနဲ့ ရှေ့ဆက်တိုးလာ တာပါ” ဟု CDF – Matupi သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး CDF – Matupi မှ ရဲဘော်တစ်ဦး အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
ငလိုင်ကျေးရွာရှိ ကင်းစခန်း လက်လွှတ်ခဲ့ရပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့က အင်အားအလုံးအရင်း ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ည ၁၀ နာရီခန့်အထိ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ငလိုင်ကျေးရွာအနီးရှိတောင်ကုန်းအား စစ်ကောင်စီတပ်ဖွဲ့က ယမန်နှစ်က တပ်လာ စွဲသည့်အချိန်မှစ၍ ကျေးရွာရှိဒေသ ခံများ လွတ်မြောက်ရာသို့ ရှောင်တိမ်းနေခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယင်းကျေးရွာတွင် ဆက်လက်တပ်စွဲနေခြင်းမျိုးမဟုတ်ဘဲ နယ်မြေရှင်းလင်း ရေးအကြောင်းပြ၍ ရှေ့ဆက်တိုးလာပါက တိုက်ပွဲများပြင်းထန်လာဖွယ်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် ချင်းပြည်နယ် တပြည်နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲများပြုလုပ်ရန် ပြင်ဆင်နေပြီး ချင်းအမျိုးသားတပ် ဦး (CNF) ဌာနချုပ်အား လေကြောင်းမှ တိုက်ခိုက်မှုအပါအဝင် နယ်မြေ ရှင်းလင်းရေး ၊ စိုးမိုးရေး အကြောင်းပြ၍ ယခုကဲ့သို့ စစ်ကြောင်းများ လှုပ်ရှားလာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြော ဆိုသည်။
CDF – Matupi ကလည်း စစ်ကောင်စီက ကျင်းပရန် ကြိုးစားနေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်သော သဘောထား ကြေညာချက်ကို ဇန်န ဝါရီလ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့မတရားသိမ်းယူထားသည့် နိုင်ငံတော်အာဏာအား ဆက်လက်ထိန်းသိမ်းရေးနှင့် တရားဝင်အစိုးရ ဖြစ်လာရေးအတွက် ၂၀၂၃ ခုနှစ် အတွင်း ဟန်ပြရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဆိုသည်။
အဆိုပါ ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်း စဉ်တွင် ပါဝင်ပတ်သက်မှုမပြုလုပ်ကြရန်နှင့် ဟန်ပြရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သည့် မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျိုးမဆို လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း CDF – Matupi ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် မတူပီမြို့နယ်တွင် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အ သေးစိတ်အခြေအနေများသိရှိနိုင်ရန် ဆက်လက်စောင့်ကြည့်နေ ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။mizzima