မြန်မာစစ်တပ်၏ ရက်စက်သော လေကြောင်းတိုက်ခိုက်မှုများကို ခုခံကာ ကွယ်ရေး PDF များအတွက် ပခုံးထမ်း လေယာဥ်ပစ် လက် နက် လိုအပ်နေ

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးသည် စစ်အုပ်စု၏လေကြောင်းမှ အဆက်မပြတ် တိုက်ခိုက်ထိုးနှက်ခြင်း ခံနေရပြီး အကယ်၍ သယ်ယူရွှေ့ ပြောင်း ရန်လွယ်ကူသည့် ဒုံးကျည်များ တစ်နည်းနည်းဖြင့် နယ်စပ်ကို ဖြတ်ကျော် ရောက်ရှိလာခဲ့လျှင် အခြေအနေက ပြောင်းလဲသွားနိုင်သည်။

လာမည့်လများအတွင်း ဖက်ဒရယ်-ဒီမိုကရေစီ အတိုက်အခံများအပေါ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးစစ်ဆင်ရန်အတွက် မြန်မာလေတပ်က မစတင်မီ အတိုက်အခံများအတွက် လေကြောင်းရန်ကာကွယ်ရေးက အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်သည်။

မြန်မာလေတပ်ကို နှိမ်နင်းရေး ခက်ခဲနေသည့်ပြဿနာအတွက် လွယ်ကူသောအဖြေက ပခုံးထမ်းလေယာဥ်ပစ် ဒုံးပျံပစ်လွှတ်မှုစနစ်များအပေါ် အာရုံစိုက်နေကြခြင်း ဖြစ်နိုင်သည်။

သို့ရာတွင် ၂၀၂၃ ခုနှစ် အစောပိုင်းသို့ ရောက်ရှိလာသည့်အခါ ပဋိပက္ခအတွင်း ပါဝင်နေကြသူများအားလုံးနီးပါးနှင့် ပြင်ပလေ့လာသူများက မကြာမီအနာဂါတ်ကာလအတွင်း ပခုံးထမ်းမြေပြင်မှဝေဟင်ပစ် ဒုံးကျည်များက မြန်မာအတိုက်အခံအင်အားစုများကို ကယ်တင်ရန်အတွက် ရောက်လာကြလိမ့်မည်မဟုတ်ဆိုသည့် လက်တွေ့အမှန်တရားကို အသိအမှတ်ပြုလာခဲ့ကြသည်။

၁၉၈၀ ခုနှစ်များအတွင်းက အာဖဂန်နစ္စတန် သို့မဟုတ် ၂၀၁၀ ခုနှစ်များအတွင်းက ဆီးရီးယားတို့နှင့် သိသာခြားနားစွာပင် – ပြင်ပအင်အားကြီးနိုင်ငံတစ်ခု သို့မဟုတ် ယုံကြည်စိတ်ချရသည့် မှောင်ခိုလက်နက် ရောင်းချသူတို့က ပေးအပ်ရန်ဆန္ဒ ရှိနေသည်ဆိုသည့်တိုင် – ပခုံးထမ်းမြေပြင်မှဝေဟင်ပစ်ဒုံးကျည်များ သို့မဟုတ် အခြားသိသာထင်ရှားသည့် လက်နက်ပစ္စည်းများကို – ၂၀၂၀ ခုနှစ်များအတွင်းရှိ မြန်မာနိုင်ငံသို့ ပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးရန် မည်သည့်အိမ်နီးချင်းနိုင်ငံကမျှ စိတ်ဝင်စားမှု မရှိကြချေ။

အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအိုနိုင်ငံတို့ အားလုံးက၊ အတိုက်အခံအင်အားစုများထံသို့ ရေရှည်ခိုင်မာသည့် လက်နက်ထောက်ပံ့ရေးလမ်းကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့လျှင် မြန်မာစစ်တပ် ပြိုကွဲသွားခဲ့မှုကြောင့် ဖြစ်ပေါ်လာနိုင်သော မတည်ငြိမ်မှုများကို မလိုလားကြသည့် မူဝါဒ ချမှတ်ထားကြသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအတွင်း ပခုံးထမ်းလေယာဥ်ပစ်ဒုံးလက်နက်များ – တတိယမျိုးဆက် တရုတ် အက်ဖ်အန်-၆ နှင့် ခေတ်နောက်ကျသည့် အိပ်ချ်အန်-၅ နှစ်မျိုးစလုံးကို – အများအပြား ပိုင်ဆိုင်ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ က ၎င်းတို့ကို ပြန်လည်ရောင်းချရန် ရည်ရွယ်ချက် မရှိပေ။

‘ဝ’ အနေဖြင့် တရုတ်နိုင်ငံထုတ်ရော မိမိတို့နယ်မြေအတွင်းမှ ပြည်တွင်းထုတ်လက်နက်များပါ ပါဝင်သည့် အထင်ကြီးစရာ စစ်လက်နက်ပစ္စည်းမျိုးစုံကို ၎င်းတို့၏ မြောက်ပိုင်းမဟာမိတ်များအား ထောက်ပံ့ပေးရန် စိတ်အားထက်သန်မှု ရှိနေပုံရသော်လည်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (ပီအယ်လ်အေ) မှ ၎င်းတို့၏ အဆက်အသွယ်များက ပခုံးထမ်းလေယာဥ်ပစ်ဒုံးလက်နက်များ ပျံ့နှံ့မသွားစေရန် ပြင်းထန်သည့် တားမြစ်မှုများကို ချမှတ်ထားသည်မှာ သေချာသလောက် ဖြစ်သည်။

ခက်ခဲသည့် အခြားရွေးချယ်စရာများ

==============================

ပခုံးထမ်းလေယာဥ်ပစ်ဒုံးလက်နက်များ မရှိသည့်အချိန်တွင် လေကြောင်းမှခြိမ်းခြောက်မှုကို တန်ပြန်ရန်အတွက် စစ်တပ်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့များအနေဖြင့် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းနှစ်ခု ကိုပေါင်းစပ်အသုံးချနိုင်ကြသည်။

ပထမတစ်ခုမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တချို့ လက်ဝယ်တွင်ရှိနေသည့် အကြီးစား စက်သေနတ် (အိပ်ချ်အမ်ဂျီ) များ အသုံးပြုနေကြသည့် တရုတ်လုပ် ပုံစံ-၇၇ ၁၂.၇ မီလီမီတာ လက်နက်များကို တဖြည်းဖြည်း တိုးချဲ့တပ်ဆင်ခြင်း ဖြစ်သည်။

အတည်မပြုနိုင်သော သတင်းများအရ၊ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း TNLAတို့၏ တရုတ် အိပ်ချ်အမ်ဂျီ စက်သေနတ်ကြီးများဖြင့် စစ်ရဟတ်ယာဉ်များကို ပစ်ခတ်နိုင်ခဲ့ခြင်းက စစ်တပ်အနေဖြင့် ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ပုံစံ-၇၇ အိပ်ချ်အမ်ဂျီ စက်သေနတ်ကြီးများကို ဦးစားပေးပြောဆိုရခြင်းမှာ ၎င်း၏ပစ်အားဖြင့် အနိမ့်ပိုင်းတွင် ပျံသန်းနေသည့် ရဟတ်ယာဉ်များ နှင့် တောင်ပံတပ်လေယာဉ်များကို ဟန့်တားနိုင်ခြင်းကြောင့်ဖြစ်သည်။

၁၉၇၉ ခုနှစ်နှင့် ၁၉၈၆ ခုနှစ် အာဖဂန်နစ္စတန်ပဋိပက္ခ၏ အစပိုင်းတွင်၊ ပါကစ္စတန်မှတဆင့် ပေးပို့ခဲ့သော အမေရိကန်က ထောက်ပံ့ခဲ့သည့် စတင်ဂါ ပခုံးထမ်းလေယာဥ်ပစ်ဒုံးပျံများကို စတင်အသုံးပြုချိန်တွင် လေကြောင်းစစ်ဆင်မှုအတွက် တွက်ချက်မှုကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။ ကွန်မြူနစ်ဆန့်ကျင်ရေးတပ်ဖွဲ့များက ၁၂.၇ မီလီမီတာ အိပ်ချ်အမ်ဂျီ စက်သေနတ်များကို အသုံးပြုခဲ့ကြသဖြင့် အောင်မြင်မှုအချို့ကို အခိုင်အမာ ရရှိခဲ့ကြသည်။

အိပ်ချ်အမ်ဂျီ၏ အကန့်အသတ်များရှိနေသည်။ ပထမအချက်မှာ၊ စက်သေနတ်ဖြင့် တိကျစွာ ပစ်ခတ်နိုင်ခြင်း ရှိစေကာမူ ဒုံးကျည်ဖြင့် ပစ်လွှတ်တိုက်ခိုက်မှုကဲ့သို့ ချက်ချင်းလက်ငင်း လှုပ်ရှားမှုမျိုးဖြင့် ပိုမိုကျယ်ပြန့်သည့် စိတ်ပိုင်းအရ ထိခိုက်မှုမျိုးကို ဖြစ်စေနိုင်ခြင်း မရှိပေ။

ဒုတိယအချက်မှာ အလေးချိန် ဖြစ်သည်။ သုံးချောင်းထောက် သို့မဟုတ် မော်တော်ယာဉ်ပေါ်တွင်တပ်ဆင်ထားသည့် ပုံစံ-၇၇ အိပ်ချ်အမ်ဂျီ စက်သေနတ်သည် “လူဖြင့် သယ်သွား၍ ရနိုင်သည့်အရာ” မဟုတ်ချေ။ သုံးချောင်းထောက်အပါအဝင် ၅၆ ကီလိုဂရမ်မျှ အလေးချိန်ရှိသော (တရုတ်လုပ် အက်ဖ်အန်-၆ ပုခုံးထမ်းဒုံးပျံက ၁၆ ကီလိုဂရမ်သာ လေးသည်) စက်သေနတ်ကို လား၊ မြင်း သို့မဟုတ် လမ်းကြမ်းတွင်သုံးနိုင်သည့်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးရန် လိုအပ်သည်။

ထို့ကြောင့် ၎င်း၏ ဗျူဟာမြောက်အသုံးဝင်မှုမှာ အကန့်အသတ်ရှိပြီး၊ တစ်စိတ်တစ်ပိုင်း အသေထိုင်ထားသည့် အခြခံစခန်းများကို နှစ်လက် သို့မဟုတ် ထို့ထက်ပိုသည့် စက်သေနတ်များ၏ လက်ယှက်ထိုးပစ်ခတ်မှုဖြင့် အကောင်းဆုံး အကာအကွယ်ပေးရန်အတွက်၊ သို့မဟုတ် လေကြောင်း‌ထောက်ကူပေးမှုကို သေချာ‌ပေါက်မျှားခေါ်ရန် ရန်သူ့တည်နေရာများအပေါ် အစီအစဉ်ရှိရှိ တိုက်ခိုက်မှုများအတွင်း ပံ့ပိုးပေးရန်အတွက်သာ အသုံးဝင်နိုင်သည်။

မီးကို မီးဖြင့် ငြိမ်းသတ်ခြင်း

========================

လေယာဉ်များကို ပျံတက်ခြင်းမှ တားဆီးရန်ရည်ရွယ်သည့် လေတပ်အခြေစိုက်စခန်းများကို ဦးစားပေးတိုက်ခိုက်ခြင်းက လေကြောင်းစွမ်း အားကို ပိုမိုသေချာထိရောက်စွာ တုံ့ပြန်မှုဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြင့်လာသည်နှင့်အမျှ မြေပြင်ပေါ်ရှိ လေယာဉ်များကို ဖျက်ဆီးရန် ကြိုးပမ်းမှုများ ဖြစ်လာခြင်းက တိုက်ဆိုင်မှုမဟုတ်ပေ။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသားနှင့် ပီဒီအက်ဖ်တပ်ဖွဲ့များက နမ့်ပေါင်၊ မိတ္ထီလာ၊ မကွေး၊ တောင်ငူနှင့် နောက် ဆုံးမကြာသေးမီက မင်္ဂလာဒုံရှိ လေတပ်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း အားလုံးနီးပါးတွင် ၈ ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်သော အလွန်ပင် တိကျမှုမရှိသည့် (ရှော့တိုက်ဒုံး ခေါ်) ၁၀၇ မီလီမီတာ မြေပြင်မှမြေပြင်ပစ် ဒုံးပျံများကို မှီခိုအားထားခဲ့ကြသည်။ ထို ၁၀၇ မီလီမီတာဒုံးပျံအား ပစ်လွှတ်ရန်အတွက် အဓိကအားဖြင့် ပြောင်း ၁၂ ခုပါ ပစ်ခတ်မှုစနစ် လိုအပ်သော်လည်း၊ မြန်မာနိုင်ငံတွင် ပြောင်းမပါဘဲ ဒုံးပျံများကို နှစ်စင်း သို့မဟုတ် သုံးစင်းခန့်အထိ ပစ်ခတ်ခဲ့ပြီး၊ ယနေ့အထိ လေယာဉ်များကို ဖျက်ဆီးရန်မဆိုထားနှင့် ပျက်စီးဆုံးရှုံးမှုများပင် မရှိခဲ့ချေ။

လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့ဒရုန်းယာဉ်များအား အသုံးပြုရာတွင် နိုင်ငံတစ်ဝှမ်းလုံးရှိ ပီဒီအက်ဖ်များ၏ ရရှိလာခဲ့သည့် ကျွမ်းကျင်မှုများကြောင့်၊ လေတပ်အခြေစိုက်စခန်းများကို တိုက်ခိုက်မှုများအတွက် ဤနည်းဗျူဟာအပေါ် အားကိုးနိုင်ရန် မျှော်လင့်စရာရှိနေသည်။

သို့ရာတွင် ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည့် ဒရုန်းဆက်သွယ်မှု ဖြတ်တောက်သည့် စက်များကို မဟာဗျူဟာအရ အရေးပါသော အဆောက်အဦများကို ကာကွယ်ရန်အတွက် စနစ်တကျတပ်ဆင်ထားခြင်းက အဟန့်အတားဖြစ်နေသည်။

အဝေးပစ်ဒုံးပျံ သို့မဟုတ် ဒရုန်းဖြင့် တိုက်ခိုက်မှုများအစား ပိုမိုထိရောက်သည့် ရွေးချယ်စရာနည်းလမ်းမှာ၊ တိုက်ခိုက်ရေးသမားများက လက် နက်ငယ်များနှင့် ဖောက်ခွဲရေးပစ္စည်းများဖြင့် လေတပ်အခြေစိုက်စခန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရပ်ထားသည့်လေယာဉ်များကို အနီးကပ် ဖောက်ခွဲဖျက်ဆီးသည်။ ၂၀၀၀ ခုနှစ်များအတွင်း သီရိလင်္ကာ တမီလ်ကျား ပြောက်ကျားများ တီထွင်ခဲ့သော သိသာအကျိုးရှိသည့် နည်းဗျူဟာတစ်ခုဖြစ်ပြီး၊ နောက်ပိုင်းတွင် ပါကစ္စတန်ရှိ ဂျီဟတ်ပြောက်ကျားများက ကူးယူအသုံးချခဲ့ကြသည်။

၂၀၀၁ ခုနှစ် ဇူလိုင်လအတွင်းက တမီလ်ကျား ကွန်မန်ဒို ၁၄ ဦးသည် ကိုလံဘိုမြို့တော်မြောက်ဘက် ကတ်တာနာရိတ်ရှိ သီရိလင်္ကာလေတပ်၏ ပင်မအခြေစိုက်စခန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး၊ စစ်လေယာဉ် ၈ စင်းကို ဖျက်ဆီးကာ အခြားလေယာဥ်များကို ထိခိုက်ပျက်စီးစေခဲ့သည်။ ဆက်လက်၍ တစ်ဘက်ကမ်းရှိ ဘန်ဒါရာနိုက်ကေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အရပ်ဘက် အဲဘတ်စ်ဂျက်လေယာဉ် သုံးစင်းကိုဖျက်ဆီးကာ အခြားလေယာဥ်နှစ်စင်းကို ထိခိုက်ပျက်စီးစေခဲ့သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလက တမီလ်ကျား ကွန်မန်ဒို ၂၁ ဦးပါဝင်ခဲ့သည့် အလားတူ တိုက်ခိုက်မှုအတွင်း အနူရာဒါပူရရှိ စစ်ဘက်လေတပ်စခန်းမှ အနည်းဆုံး လေယာဉ်ရှစ်စင်းကို ဖျက်ဆီးပစ်ခဲ့ကာ အခြား ၁၀ စင်းကို ထိခိုက်ပျက်စီးစေခဲ့သည်။

သို့ရာတွင် အဆိုပါ စီးနင်းတိုက်ခိုက်မှု နှစ်ခုစလုံးကို အသေခံစစ်ဆင်ရေးအဖြစ် စီစဥ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊

တမီလ် ကျားနက်ချေမှုန်းရေးအဖွဲ့ဝင် အားလုံးနီးပါး သေဆုံးခဲ့ရသည်။ လုံးဝကွဲပြားသည့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအခြေအနေအရ ပီဒီအက်ဖ်တိုက်ခိုက်ရေးသမားများက ထိုကဲ့သို့ တစ်လမ်းသွား ချေမှုန်းစစ်ဆင်မှုများကို မကြာမီအနာဂတ်တွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်ကြလိမ့်မည်ဟု ရည်ညွှန်းပြောဆိုစရာကား မရှိချေ။

နိုင်ငံတစ်ဝှမ်းရှိ အခြေစိုက်စခန်းများသို့ ပုံမှန်ပို့ဆောင်ပေးရန်လိုအပ်ပြီး လေကြောင်းစစ်ပွဲ၏ အဓိကအသက်သွေးကြော ဖြစ်သည့် လောင်စာဆီများကို ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်ခြင်းက ပိုမိုလက်တွေ့ကျသည့် ရွေးချယ်စရာနည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့ရာတွင် ဤကဲ့သို့ ရိုးရှင်းကောင်းမွန်သည့် နည်းလမ်းအတွက်ပင်လျင်၊ လောင်စာဆီတင်ယာဥ်များကို ဖျက်ဆီးရန် လိုအပ်သည့် အာရ်ပီဂျီခေါ် ဒုံးပစ်ဗုံးလက်နက်များနှင့် စက်သေနတ်များ တပ်ဆင်ထားသည့် တိုက်ခိုက်ရေးအဖွဲ့များအတွက် ယုံကြည်စိတ်ချရသော ထောက်လှမ်းရေးသ တင်းရင်းမြစ်ကွန်ရက်တစ်ခုကို လိုအပ်မည်ဖြစ်သည်။

နောက်ဆုံးအနေဖြင့်၊ လေယာဥ်လောင်စာဆီ တင်သွင်းမှုအပေါ် ဒဏ်ခတ်အရေးယူမှုများချမှတ်ခြင်းက အလားတူရလဒ်မျိုး ရရှိနိုင်မည်ဟူ သော အဆိုပြုချက်က အမှန်တကယ်တွင် လေးနက်မှုမရှိလှပေ။ မြန်မာ၏ မိတ်ဖက် ရုရှားက မြန်မာစစ်တပ်အတွက် လေယာဉ်ဆီထောက်ပံ့မှု ပေးမှာ အသေအချာပင်ဖြစ်သည်။

နည်းဗျူဟာအရ လိုက်လျောညီထွေဖြစ်စေခြင်း

======================================

ထိုကဲ့သို့ နည်းဗျူဟာအရ စိုးရိမ်စရာ အကန့်အသတ်ရှိမှုများက၊ ကျယ်ပြန့်လွှမ်းမိုးမှုရှိသည့် မဟာဗျူဟာအရ မေးခွန်းတစ်ခုကို ဖြစ်လာစေ သည်။ စစ်တပ်၏ အခိုင်အမာနေရာများကို တိုက်ခိုက်ချေမှုန်းရန်အတွက် ရှေ့တိုးလှုပ်ရှားလာသည့် မြန်မာအတိုက်အခံတပ်ဖွဲ့များကို ချေမှုန်းရန် စစ်ရေးနှင့် နိုင်ငံရေးအရ တော်လှန်ရေးဒီရေ တဖြည်းဖြည်းချင်း ကျသွားသည့်အချိန်အထိ နေပြည်တော်က စောင့်စားနေစဥ်အတောအ တွင်း မြို့ပြဒေသများကို အချိန်အကန့်အသတ်မရှိ ထိန်းထားနိုင်ရန်အတွက်၊ လုံလောက်သည့် အစွမ်းအစနှင့် လေကြောင်းစွမ်းရည် ရှိမည်လားဆိုသော မေးခွန်းဖြစ်သည်။

အဖြေက “ဖြစ်နိုင်သော်လည်း မသေချာ” ဟုသာ ချင့်ချိန်ပြောဆိုရမည် ဖြစ်သည်။ ခေတ်သစ် လက်နက်ကိုင်တော်လှန်ရေး၏ သမိုင်းက ညွှန်ပြနေသည်မှာ လေကြောင်းစွမ်းအားက အရပ်သားများအပေါ် သေစေနိုင်သည့် ထိရောက်မှုရှိပြီး ဆိုးရွားလှသည့် သေပျောက်မှုများ ဖြစ်စေသည်ကို အတိအကျအသေအချာ သက်သေပြနိုင်သော်လည်း၊ စစ်ရေးအရ ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးနိုင်ခြင်း မရှိသလောက်ပင် ဖြစ် သည်။

အဆုံးစွန်အားဖြင့် ဆိုရလျင်၊ မြေပြင်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများ၏ အနိုင်အရှုံးကို ကြည်းတပ်များကသာ အဆုံးအဖြတ်ပေးကြသည်။

သို့ရာတွင် ထပ်တူထပ်မျှ ရှင်းရှင်းလင်းလင်းရှိနေသည်က၊ မြန်မာအတိုက်အခံတပ်ဖွဲ့များအတွက် အောင်မြင်မှုအလားအလာ ရှိလာစေရန် ယခုလက်ရှိအချိန်တွင် ၎င်းတို့အနေဖြင့် မဟာဗျူဟာမြောက် ရည်မှန်းချက်များ ဖြစ်သည့် ရန်သူ့တပ်ဖွဲ့များကိုချေမှုန်းရန်နှင့် လက်နက်များကို သိမ်း ယူရရှိနိုင်ရေးအတွက် စစ်ပွဲ၏ထိုးစစ်အဆင့် နည်းဗျူဟာများကို ပြင်ဆင်လက်ခံကျင့်သုံးကြရန် လိုအပ်မည်ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များတွင် ပြင်ပမှပံ့ပိုးကူညီမှုများ မရှိခြင်းအတွက် တဖြည်းဖြည်းချင်း ဖြည့်တင်းပေးနေစဉ်၊ ရန်သူ့တပ်ဖွဲ့များကို ချေမှုန်းခြင်းနှင့် ၎င်းတို့၏ လက်နက်များကို သိမ်းယူခြင်းတို့က နေပြည်တော်၏ အကြီးမားဆုံး စစ်ရေးဆိုင်ရာ အားနည်းချက်များဖြစ်သည်။

မြန်မာစစ်တပ်တွင် တပ်အင်အား နည်းပါးနေခြင်းနှင့် အလွန်အမင်း ဖြန့်ကျက်ချထား နေရခြင်းတို့ဖြစ်သည်။ အထင်ရှားဆုံးအဆင့် အနေဖြင့်၊ လေတပ်စွမ်းအင်၏ လက်တွေ့အခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် နည်းဗျူဟာများတွင် အမှောင်ထု၊ အဖုံးအကွယ်နှင့် ရွေ့လျားရွှေ့ ပြောင်းမှုတို့ကို စနစ်တကျ အသုံးချရန် လိုအပ်သည်။ အထူးသဖြင့် အရပ်သားများက နိုင်ငံဒေသအများအပြားတွင် သင်ယူရရှိထားခဲ့ကြပြီးဖြစ်သည့် ရှင်သန်ရပ်တည်နိုင်မှုအတွက် အခြေခံကျသည့် လက်တွေ့အကျိုးရှိအသုံးတည့်သော အချက်များဖြစ်ကြသည်။

လေတပ်အင်အား ကျောထောက်နောက်ခံပြုလျက် အခိုင်အမာရှိနေသည့် စစ်အုပ်စုအား ဆန့်ကျင်တွန်းလှန်ရာတွင် အကောင်အထည်ဖော်ရန် လိုအပ်သည်မှာ အောင်မြင်သော ပြောက်ကျားစစ်ပွဲ၏ အခြေခံအကျဆုံး နည်းဗျူဟာဖြစ်သည်။ အဆုံးအဖြတ်ပေးနိုင်သည့် လူအင်အားနှင့် ပစ်အားသာလွန်မှုကို စုစည်းလျက် အားနည်းသည့် နေရာများအပေါ် တဟုန်ထိုးတိုက်ခိုက်စီးနင်းပြီး၊ အလျင်အမြန် တပ်ဆုတ် တပ်ဖျောက်ခြင်းဖြစ်သည်။

ဤအစဥ်အလာ နည်းဗျူဟာတွင်၊ ” အဆုံးအဖြတ်ပေးနိုင်သည့် သာလွန်မှု” ဟူသည့် စကားလုံးက အဓိကကျပြီး များသောအားဖြင့် ထိုးစစ်ဆင်သူများနှင့် ခံစစ်ထိုင်သူများအကြား လူအင်အား ၃ ဆ ၁ ဆ အချိုးရှိခြင်းကို ဆိုလိုသည်။ ပျောက်ကျားနည်းဗျူဟာကို လျစ်လျူရှုထားကြမည်ဆိုပါက၊ အောင်မြင်မှုမရခြင်းအတွက် အကြောင်းတရား ဖြစ်ပါလိမ့်မည်။

စစ်အုပ်စု၏ မြေပြင်တပ်ဖွဲ့များအား ချေမှုန်းရန်အတွက်၊ တော်လှန်ရေးတပ်ဖွဲ့များအား ဗျူဟာအရ စုဖွဲ့မှုနှင့်တပ်ဖျောက်မှု နှင့် တစ်ချိန်တည်းတွင် လေကြောင်းအင်အား၏ ထိရောက်မှုကို လျှော့ချနိုင်ရန်တို့မှာ၊ စစ်ဆင်ရေးအတွင်း အဆင့်မြင့်ပိုင်း၏ ကွပ်ကဲမှုအတွင်း တစ်စုံတစ်ရာ ညီညွတ်မှုရှိနေမှသာ ဖြစ်နိုင်ပါလိမ့်မည်။

တော်လှန်ရေးတပ်ဖွဲ့များအပေါ် အမျိုးသားအဆင့်မှ ညီညွတ်သည့် စစ်ရေးအရအမိန့်ပေးမှုဆိုသည်မှာ မဖြစ်နိုင်သလို လိုလားအပ်သည့်အရာလည်း မဟုတ်ပါချေ။ မတူကွဲပြားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (အီးအာရ်အို) များအကြား ပိုင်းခြားထားသည့် ပထဝီအနေအထား၊ ယဉ်ကျေးမှုနှင့် အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများ ရှိနေသည်ကို ရိုးရိုးရှင်းရှင်းကျော်ဖြတ်၍ မရနိုင်ပေ။

အမျိုးသားအဆင့်တွင် အကောင်းဆုံး မျှော်လင့်နိုင်သည့်အရာမှာ အန်ယူဂျီက ဖွဲ့စည်းထားပြီးဖြစ်သည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏ ဖွဲ့စည်းမှုအပေါ် အခြေခံ၍ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ အနည်းဆုံးအနေဖြင့် အနာဂတ်စစ်ပွဲအဆင့်ဆင့်အတွင်း မတူသည့်ဒေသများတွင် သီးခြားစစ်ဆင်မှုများအတွက် လျော့ရဲသည့်ညှိနှိုင်းမှုရရှိလာရန် ဖြစ်နိုင်ခြေရှိမှုကို ပေးစွမ်းနိုင်သည်။

ချက်ချင်းလက်ငင်းအတွက်၊ နိုင်ငံ၏ နယ်စပ်ဒေသများရှိ အချို့သောဒေသများအတွင်း စစ်ဆင်ရေးအဆင့်တွင် ကွပ်ကဲရေးအရထိရောက်မှုရှိသည့် ပေါင်းစပ်မှုသည် ဖြစ်နိုင်ရုံသာမက မရှိမဖြစ်လိုအပ်သော အရာလည်းဖြစ်နေသည်။

ကြမ်းတမ်းခက်ထန်သည့် မြေပြင်အနေအထားနှင့် ကချင်၊ ချင်း၊ ကရင်နှင့် ကရင်နီပြည်များတွင် အခြေစိုက်သည့် အီးအာရ်အိုအဖွဲ့များ၏ ခံနိုင် ရည်ရှိမှုတို့ နှစ်ခုစလုံးတို့ကြောင့်၊ ထိုဒေသများသည် စစ်ရေးဗဟိုချက်ဒေသများအဖြစ် ဖြစ်ထွန်းလာခဲ့ပြီး၊ တိုက်ဆိုင်မှုကြောင့်မဟုတ်ဘဲ ၂၀၂၁ ခုနှစ်တွင် “စစ်ဒေသ” သုံးခုအဖြစ် အန်ယူဂျီကကြေညာခဲ့သည်နှင့် တစ်ထပ်တည်း ကျနေသည်။

ကချင်နှင့် ချင်းပြည်နယ်များကို လွှမ်းခြုံထားသည့် အမှတ် (၁) စစ်ဒေသ၊ ကရင်ပြည်နယ်ကို လွှမ်းခြုံထားသည့် အမှတ် (၂) စစ်ဒေသနှင့်၊ ကရင် နီပြည်နယ်ကို လွှမ်းခြုံထားသည့် အမှတ် (၃) စစ်ဒေသ တို့အတွင်း ပီဒီအက်ဖ်တပ်ဖွဲ့အသစ်များကို အတွေ့အကြုံရှိပြီး ပိုမိုကောင်းမွန်စွာ လက် နက်တပ်ဆင်ထားသည့် အီးအာရ်အိုများက စစ်ဆင်ရေးကွပ်ကဲမှုများကို လုပ်ဆောင်လျက် ရှိကြပြီး၊ ထိုတပ်ဖွဲ့များကို ပူးတွဲစစ်ဆင်ရေးများအတွက် အီးအာရ်အိုတပ်မှူးများ၏ အလုံးစုံညွှန်ကြားမှုအောက်တွင် တပ်ဖြန့်ချထားနိုင်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဗမာလူမျိုးစုဒေသများမှ ပီဒီအက်ဖ်အဖွဲ့များကို ဤကွပ်ကဲမှုအတွင်း ပေါင်းစပ်ထည့်သွင်းနိုင်ရန် နိုင်ငံလုံးအဆင့် ကွပ် ကဲမှုကို တဖြည်းဖြည်းချင်း တိုးချဲ့သွားနိုင်မည်ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များအပေါ် ညီညွတ်မှုရှိသည့် အမိန့်ပေးကွပ်ကဲမှုအချို့ ထားရှိရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ဟုထောက်ပြ ဝေဖန်မှုများ ရှိသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်မှ ပေါ်ပေါက်လာခဲ့ကြသည့် ပီဒီအက်ဖ်များနှင့် အီးအာရ်အိုများ ကြားတွင်သာမက၊ အီးအာရ်အိုများ အချင်း ချင်းကြားတွင်လည်း စစ်ရေးအရ ကွဲပြားနေကြသည့် အဖြစ်မှန်ကို သေချာပေါက် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ဆယ်စုနှစ်များစွာတိုင်၊ ကရင်၊ ကချင်နှင့် အခြား အီးအာရ်အိုများသည် ရွေ့လျားရွှေ့ပြောင်းမှုကိုလိုအပ်သော ထိုးစစ်ဆင်တိုက်ခိုက်သည့်ဗျူဟာထက် ပြောက်ကျားနည်းဗျူဟာကို အသုံးပြုသည့် ဒေသဆိုင်ရာကာကွယ်ရေးအတွက် ၎င်းတို့၏ တပ်ဖွဲ့များကို ဖွဲ့စည်းမှုအရ သီးခြားတပ်မဟာနယ်မြေများအဖြစ် ခွဲဝေချထားခဲ့ကြသည်။ အကျိုးဆက်အဖြစ်၊ အချို့သော အီးအာရ်အိုအဖွဲ့များ၊ အထူးသဖြင့် ကရင်အမျိုးသား လွတ်မြောက် ရေး တပ်ဖွဲ့ (ကေအန်အယ်လ်အေ) အဖွဲ့အတွင်း အချင်းချင်း တိုက်ခိုက်မှုများနှင့် အဖွဲ့ခွဲထွက်မှုများဖြင့် ကြုံခဲ့ရသည်။

နောက်ဆုံးအနေဖြင့်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အရင်းအမြစ်ဆိုင်ရာ ပြဿနာများက ကြီးမားလာလျက် ရှိနေသည်။ အဖွဲ့အများအပြားက ကျေ နပ်လက်ခံမှုဖြင့် ပေါင်းစည်းပေးရာတွင် ‌ခဲယမ်း၊ ဆန်နှင့် အထူးသဖြင့်ငွေကြေး အပါအဝင် အရင်းအမြစ်များရရှိရေးနှင့် ထောက်ပံ့နိုင်ရေးတို့မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ၏ စွမ်းရည်အပေါ်တွင် အဓိကတည်မှီလျက် ရှိနေသည်။

ခြောက်သွေ့ရာသီအတွင်း လာမည့်လများတွင်၊ လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများ၏ ဖိအားအောက်၌ အဆိုပါစိန်ခေါ်မှုများကို တုံ့ပြန်ကိုင်တွယ်ရာတွင် PDF တော်လှန်ရေးတပ်မှူးများ၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုက စစ်ပွဲ၏အနာဂတ်ကို ပုံဖော်ပေးမည်ဖြစ် သည်။

(Myanmar PDFs need MANPADs to have a fighting chance” – Written by: Anthony Davis – Source: Asia Times – January 13, 2023 ကို ဆီလျှောအောင် ဘာသာပြန်သည်။) khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s