Monthly Archives: Jan 2023

သံဖြူဇရပ်ရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဆက်ဆံရေးရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဆက်ဆံရေးရုံး မနေ့ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီလောက်က ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေးလမ်းခွဲ စစ်ဆေးရေးဂိတ်အနီးရှိ မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ရဲ့ ဆက်ဆံရေးရုံးကို အမည်မသိ လက် နက်ကိုင်အဖွဲ့တဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ အဆောက်အဦတချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “သူတို့ဆက်ဆံရေးရုံးက လူအဝင်အထွက်တော့ ရှိတယ်။ ဒီနောက်ပိုင်းမှာ လူလာတာ မတွေ့ရဘူး။ ညကတော့ ဒရုန်းနဲ့ တိုက် ခိုက်ခံရတယ်။ အဆောက်အဦတချို့တော့ ထိခိုက်ပျက်စီးတာ ရှိတယ်” လို့ ပြောပါတယ်။

ဆက်ဆံရေးရုံး တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်ချမ်းလဝီထံ ဒီဗွီဘီက ၅ ကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ တပ်အင်အား ၂၆၈ ဦး၊ လက်နက်ကြီး လက်နက်ငယ် ၇၂ လက်နဲ့အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။

လက်နက်ချအလင်းဝင်ပြီး ၁၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားပါတယ်။ DVB

ကနီတွင် စစ်တပ် စက်လှေထံမှ သိမ်းဆည်း ရမိသော ဆန်များကို PDF တပ်ဖွဲ့က ပြည်သူများထံ ထောက်ပံ့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စက်လှေထံမှ သိမ်းဆည်းရမိသော ဆန်များကို PDF တပ်ဖွဲ့က ပြည်သူများကို ပြန်လည် လှူဒါန်းခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျောက်လုံးကြီး KLG PDF အဖွဲ့က အကြမ်းဖက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့သည့် နတ်ကြီးရွာနှင့် အလယ်ကျွန်းပျူရွာမှ ဒေသခံ ပြည်သူများကို ဆန်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျောက်လုံးကြီး KLG PDF အဖွဲ့က အကြမ်းဖက် စစ်တပ် သက်လှေတစ်စီးနှင့် ရိက္ခာများကို သိမ်းဆည်းရမိခဲ့​ကြောင်း၊ စက်လှေပေါ်မှ သိမ်းဆည်းရမိသော ရိက္ခာများထဲမှ ဆန် ၄၅ တင်းကို နတ်ကြီးရွာ မီးဘေးသင့်ပြည်သူများ ပြန်လည်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ကနီမြို့နှင့် အလယ်ကျွန်းပျူရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၄၅ စုကိုလည်း ဆန် ၁၅ တင်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများက ကနီမြို့နယ် နတ်ကြီးကျေးရွာတွင် တပ်စွဲနေထိုင်ပြီး ပြည်သူပိုင် နေအိမ် ၈၄ လုံးကို မီးရှို့ခဲ့ကြောင်း သိရသည်။ khit thit

လေညှင်းတောင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လေညှင်းတောင်အနီးတွင် ဘန့်ဘွေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နဂါးညီနောင်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ သုံးဦးသေဆုံးပြီး ငါးဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း နဂါးညီနောင်တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်က သုံးဦးကတော့ နေရာတင် အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားတယ်။ ကျန်တဲ့ငါးဦးကတော့ အပြင်းထန် ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ၎င်းက ဆိုသည်။

ဘန့်ဘွေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အရပ်သား လက်နက်ကိုင် (ပျူစောထီး ) အင်အား ၂၀ ခန့် ထွက်လာသည်ကို သတင်းကြိုတင်ရရှိခဲ့သဖြင့် လေညှင်းတောင်ဘက်သို့အရောက်တွင် ရှေ့ထွက်မိုင်း၊ ထိကွဲမိုင်းစသည့် မိုင်း ၁၂ လုံးဖြင့် လေးဆိုင်းဆွဲပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်ခိုက်မှုကို နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF) နှင့် ချင်းတွင်းတိုက်ဂါး (L. Pdf) တို့က ပူးပေါင်း၍ တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima

သီးခြားအစီအစဥ်ဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးနေမှု ထပ်မံရပ်ဆိုင်း

ဗုဒ္ဓဂါယာဘုရားဖူးနဲ့ ပြည်ပကို MOU စနစ်နဲ့ သွားရောက်လုပ်ကိုင်မယ့်သူတွေကို သီးခြားအစီအစဥ်ဖြစ်တဲ့ Green Channel နဲ့ နိုင်ငံကူးလက် မှတ်ထုတ်ပေးနေတာကို ဒီနေ့ ဇန်နဝါရီ ၁၇ ရက်ကစပြီး ထပ်မံရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

Green Channel နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရထားတဲ့ ကုမ္ပဏီတချို့ဟာ ငွေကြေးရယူပြီး လုပ်ကိုင်နေတာတွေကြောင့် ပြဿနာတွေဖြစ်ပေါ်ပြီး အခုလို ရပ်ဆိုင်းလိုက်တာလို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

“လူတယောက်ကို သိန်း ၂၀ လောက်ယူပြီး လုပ်ပေးနေတာတွေ သတင်းပေါက်ကြားပြီး ပြဿနာတွေ ဖြစ်ကြတယ်ကြားတယ်။ အဲဒါနဲ့ အကုန်ပိတ်ခိုင်းလိုက်တာလို့ သိရတယ်။”

အဲဒီလိုလုပ်ဆောင်နေတဲ့ ကုမ္ပဏီ ၁၄၃ ခုကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က Black List စာရင်းသွင်းထားပြီး အဲဒီထဲမှာ ပြည်အလုပ်အကိုင်အေဂျင်စီ ၁၃၃ ခုအထိ ပါဝင်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံ ဇန်နဝါရီ ၁၂ ရက်က အကြောင်းကြားထားတဲ့စာမှာ ဖော်ပြထားပါတယ်။

အဲဒီအေဂျင်စီတွေကို နိုင်ငံကူးလက်မှတ်လျှောက်ထားမှု အစီအစဥ်မှာ မပါဝင်အောင် စိစစ်ဖို့ကိုလည်း ညွှန်ကြားခဲ့ပါတယ်။

MOEAF ရဲ့ မနေ့ကထုတ်ပြန်တဲ့စာမှာတော့ Black List သွင်းခံရတဲ့ ကုမ္ပဏီတွေတင်မကဘဲ Green Channal နဲ့ နိုင်ငံကူးလက်မှတ် လျှောက် ထားမှုအားလုံး ဇန်နဝါရီ ၁၇ ရက်ကစပြီး ရပ်ဆိုင်းကြောင်း ဖော်ပြထားပါတယ်။

အဲဒီလို ရပ်ဆိုင်းလိုက်တာကြောင့် ပြည်ပကိုသွားရောက်ဖို့ နိုင်ငံကူးလက်မှတ် မရှိသူတွေ၊ သက်တမ်းတိုးရမယ့်သူတွေအတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ အလုပ်သမားတဦးက ဆိုပါတယ်။

“သက်တမ်းတိုးမရဘဲ ပြည်ပထွက်ဖို့က မဖြစ်နိုင်ဘူး။ ဘယ်တော့ပြန်ဖွင့်ပေးမယ် ဆိုတာလည်း မသိရတော့ တော်တော်အခက်ဖြစ်ရတယ်။”

စစ်ကောင်စီဟာ ဒီဇင်ဘာလဆန်းက နိုင်ငံကူးလက်မှတ်လုပ်ဖို့ QR ကုတ်နဲ့ ရက်ချိန်းယူရတဲ့ အစီအစဥ်ကို ရပ်ဆိုင်းလိုက်ပြီး အဲဒီလကုန်ပိုင်းမှာပဲ ရက်ချိန်းယူထားပြီးသူတွေကို နိုင်ငံကူးလက်မှတ် ဆက်ထုတ်ပေးနေတာကိုပါ ရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီနောက် Green Channel နဲ့ နိုင်ငံကူးလက်မှတ်တွေ ဆက်လုပ်ပေးနေခဲ့ပြီး တလမပြည့်ခင်မှာတင် အဲဒီအစီအစဥ်ကိုပါ ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။ DVB

ရွှေကုန်သည်များကို စစ်တပ်၊ ရဲ၊ စသုံးလုံးနှင့် စည်ပင်တို့က ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်ငွေညှစ်နေ၊ ရွှေစျေးနှုန်း အတက်အကျ မငြိမ်သည့် ကာလများတွင် ရွှေလုပ်ငန်းရှင်များ ခေါ်ယူမေးမြန်းခံရပြီး ဘဏ်အကောင့်များ အပိတ်ခံရ

ပြည်တွင်းရွှေစျေးကွက်တွင် ရွှေကုန်သည်များကို စစ်တပ်၊ ရဲ၊ စသုံးလုံးနှင့် စည်ပင်တို့က ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက် ငွေညှစ်မှုများ လုပ် ဆောင်နေကြောင်း ရွှေလုပ်ငန်းရှင်တချို့ထံမှ သိရှိရသည်။ ‌ေ

မိမိတို့ အပ်နှံထားသော ငွေကြေး သိန်းရာထောင်ချီ ပမာဏကို ပုဂ္ဂလိက ဘဏ်များတွင် ပြန်ထုတ်ယူချိန်တွင် စသုံးလုံးက ခေါ်ယူ စစ်ဆေးပြီး အကျပ်ကိုင်ခြိမ်းခြောက်‌ ငွေတောင်းယူခြင်းများ ရှိနေကြောင်း သိရှိရသည်။

“ရွှေကုန်သည် တစ်ယောက်ဆိုရင် ဘဏ်ကနေ ငွေထုတ်တဲ့ကိစ္စ။ သူ့ငွေ သူထုတ်တာနော်။ အဲဒါကို ခေါ်စစ်ဆေးတာ။ လာဘ်ငွေပေးရတာ သိန်း ၃၀၀ လောက်ကုန်တဲ့အပြင် ဖုန်းတွေပါသိမ်းစစ်တာ။ Recording တွေပါ အကုန်နားထောင်တာ။ စစ်ကြောရေးပုံစံလုပ်တော့ ဟိုက ပြန်ထွက်လာချိန်မှာ အလုပ်ပါလုပ်မစားချင်လောက်အောင် ဖြစ်သွားတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့ပြင် လက်ရှိတွင် ကမ္ဘာ့ရွှေစျေးတက်မှုကြောင့် မြန်မာ့ရွှေစျေးပါ လိုက်ပါမြင့်တက်ပြီး ရွှေစျေးနှုန်းသည် ၂၇ သိန်းနှင့် ၂၈ သိန်းခွဲ အကြား အ တက်အကျ ဖြစ်ပေါ်နေကြောင်း၊ ယင်းအခြေအနေတွင် စစ်တပ်က ရွှေကုန်သည်များက စျေးကစားသည်ဟုဆိုကာ ခေါ်ယူ စစ်ဆေးမေးမြန်း ခြိမ်းခြောက် ငွေတောင်းယူမှုများ လုပ်ဆောင်နေကြောင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လည်း ရွှေကုန်သည် ၄ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင်ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

“အောင်သမာဓိရွှေဆိုင်ရယ်၊ အခြားအခေါက်ရွှေရောင်းတဲ့ ဆိုင်၂ဆိုင်ရယ်ကို စသုံးလုံးက ခေါ်စစ်တယ်။ တချို့ဆိုင်တွေကြောက်ပြီးဈေးပိတ်ကြတာမျိုးတောင်ဖြစ်သွားခဲ့တယ်။ ဇန်နဝါရီလ ၁၃ရက်နေ့ တုန်းကလည်း ရွှေကုန်သည် ၄ ယောက်ဖမ်းတယ်။ ပြီ‌ေးတာ့ ညနေပြန်လွှတ်လိုက်တယ်။ အခုက စစ်တပ်က စားနေရရင်၊ ငွေရရင် သိပ်ပြဿနာမရှာကြဘူး။ ရွှေကုန်သည်တွေကို ငွေသိုက်ကြီးလို သဘောထားနေတာ။ ခေါ်စစ်တယ် ကောင်းကောင်းဖြေ ကျွေးမွေးရင် အကုန်ပြီးတယ်” ဟု ရွှေဆိုင်ပိုင်ရှင်က ဆက်လက်ပြောဆိုသည်။

ရန်ကုန်မြို့၏ နာမည်ကြီး အကယ်ဒမီ အခေါက်ရွှေဆိုင်၏ မန်နေဂျာ မှတ်ပုံ တင် ဖြင့် ဖွင့်လှစ်ထားသော ဘဏ်စာရင်းများအားလုံးကို စသုံးလုံးဘက်က ပိတ်ပင်ပြီး အကောင့်အတွင်းမှ ငွေများကို သိမ်းဆည်းမှု ဖြစ်ပွားခဲ့ကြောင်း၊ မည်သည့် အတွက်ကြောင့် ယင်းသို့ အရေးယူခံရခြင်းဖြစ် သည်ကို မသိရှိရသေးကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

စစ်တပ်၊ ရဲနှင့် စသုံးလုံးအပြင် စည်ပင်အဖွဲ့များကလည်း ရွှေဆိုင်များကို တစ်နေ့ လျှင် ၂ ခေါက် ၊ ၃ ခေါက်ဝင်စစ်ပြီး ဂွင်ဖန် ငွေကြေး ခြိမ်း ခြောက် တောင်းယူကြသည်ဟု သိရှိရသည်။

လက်ရှိတွင် ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၈ သိန်းဝန်းကျင်စျေးရှိကြောင်း သိရှိရသည်။ khit thit

ပုလောမြို့ ရှပ်ပုံရွာ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးခေါင်းဆောင် အပါဝင် ၄ ဦး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ငါးနာရီအကြာ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် ထိတွေ့ တိုက်ပွဲ၌ စစ်ကောင်စီ တပ်သား နှစ်ဦးနှင့် ပျူစောထီးခေါင်းဆောင် အပါဝင် လေးဦး သေဆုံးခဲ့ပြီး သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) ထံမှ သိရ သည်။

ပုလောမြို့ ရှပ်ပုံစံပြကျေးရွာ၌ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ရာ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ရှပ်ပုံစံကျေးရွာနေ ဒေသခံ တစ်ဦးက“နေ့လယ် ၁ နာရီလောက် ကတည်းက ပစ်ခတ်သံ ကြားနေရတာ ဖြစ်တယ်၊ ရွာသားတွေတော့ ပုန်းနေ ရှောင်နေကြရပေါ့၊ အဆင်သင့်တော့ ပြင်ထားကြရတယ်”ဟု ပြောသည်။

ယင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးပြီး ပျူစောထီး ခေါင်းဆောင် (အုပ်ချုပ်ရေးမှူး) တစ်ဦးနှင့် အဖွဲ့ဝင် တစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပြီး သေနတ် တစ်လက်ကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရ သည်။

“တိုက်ပွဲက နေ့လယ် ၁ နာရီလောက်က စတာ။ အပြန် အလှန်ပစ်ကြတယ်၊ သူတို့ဘက် စစ်ကောင်စီတပ်သား နှစ်ဦးနဲ့ ပျူ နှစ်ဦး ကျတယ်။ ပျူခေါင်းဆောင်ပါ ကျတယ်၊ ကျနော်တို့ဘက် အထိအခိုက် မရှိဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ထို့အပြင် အဆိုပါ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားများက ပြည်သူ့နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ရှပ်ပုံစံပြကျေးရွာသည် ပုလောမြို့နယ်တွင် အိမ်ခြေ ၁,၀၀၀ ကျော်ရှိသော ရွာကြီးဖြစ်ပြီး တိုက်ပွဲ ပထမဆုံးအကြိမ် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။mizzima

စစ်ခေါင်းဆောင်ခရီးစဉ်ကြောင့် စစ်တွေမြို့၌ လမ်းဘေး‌ဆိုင်များဖျက်ဆီးခံရပြီး လမ်းများ အပူတပြင်း ပြင်ဆင်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ လမ်းဘေး‌ဆိုင်တွေ ဇန်နဝါရီ ၁၆ ရက်မှာ ဖျက်ဆီးခံခဲ့ရပြီး စစ်တွေမြို့လမ်းမကြီးကို စည်ပင်သာယာရေးအဖွဲ့က အခုရက်ပိုင်း အပူတပြင်း ပြင်ဆင်နေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့ ဘီလူးမတံတား လမ်းဘေးရှိ ဈေးရောင်းချနေသူအမျိုးသမီးကြီးတဦးက “လူကြီး လာမယ်လို့ ပြောတယ်။ ဈေးဆိုင်ခေါင်မိုးတွေကို ဒီနေ့ ဖြိုဖျက်သွားတယ်။ ထီးဆောင်းပြီး ရောင်းပါလို့တော့ စည်ပင်က ပြောခဲ့တယ်”လို့ ပြောပါတယ်။

စစ်တွေမြို့အဝင်ဂိတ်မှ လေယာဥ်ကွင်းဆင်းလမ်း လမ်းခွဆုံ မေယုလမ်းတလျှောက်ရှိ လမ်းဘေးဈေးဆိုင်တွေအပြင် လမ်းမကြီး ဘီလူးမတံတားအနီးရှိ ဈေးဆိုင်တွေနဲ့ မင်းဘာကြီး ဘယ်/ညာလမ်းတလျှောက် လမ်းဘေးဈေးဆိုင်တွေကို ဇန်နဝါရီ ၁၆ ရက်မှာ စည်ပင်သာယာရေး အဖွဲ့က လာရောက် ဖြိုဖျက်ခဲ့ကြတာပါ။

ဇန်နဝါရီ ၁၃ ရက်က မြို့အဝင်လမ်းမှ လေယာဉ်ကွင်းအဝင်လမ်းအထိ လမ်းဘေး ဈေးသည်တွေကို စည်ပင်တာဝန်ရှိသူတွေက ဖယ်ပေးဖို့ သတိပေးထားခဲ့ပြီး ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းမှာ နာရီစင်ကနေ ဘီလူးမတံတား မေယုလမ်းတလျှောက်ရှိ လမ်းဘေးဆိုင်တွေကို ဖြိုဖျက်ခဲ့ကြတာလို့ လမ်းဘေးစျေးဆိုင် ရောင်းချနေတဲ့ လူငယ်အမျိုးသမီးငယ်လေးက ပြောပါတယ်။

“ကျမတို့က ထီးနဲ့ရောင်းချနေတာပါ။ အဲဒီထီးကိုတောင် ရုပ်သိမ်းဖို့ ပြောလာပါတယ်။ လူကြီး လာမယ်လို့တော့ ပြောပါတယ်။ လူကြီးက တ ရက် လာမယ်လို့ ပြောခဲ့ပါတယ်။ ထီးတွေကို ရုပ်သိမ်းခိုင်းပြီး ထီးတွေကို သူတို့က ဒီဘက်ကနေ ဟိုဘက်ကို ဖြိုချခဲ့ကြတယ်။ ကျမတို့က တနေ့လုပ်မှ တနေ့ လုပ်ကိုင်စားသောက်နေရသူတွေပါ”လို့ ပြောပါတယ်။

အဖြိုဖျက်ခံလိုက်ရတဲ့ လမ်းဘေးဈေးဆိုင်တွေဟာ စည်ပင်သာယာအဖွဲ့ လေလံတင် ရောင်းချသူတွေဆီကို တနေ့ ၂ ကြိမ်ကျ အခွန်ပေးဆောင်နေကြရတဲ့ ဈေးဆိုင်တွေ ဖြစ်ပါတယ်။

စစ်တွေမြို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးချုပ်ကိုယ်စားလှယ် အဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်မှာ လာရောက်ကြမှာဖြစ်တဲ့အတွက် စစ်တွေမြို့ရှိ လမ်းဘေးဈေးဆိုင်တွေကို ဖြိုဖျက်ပြီး စစ်တွေလမ်းမကြီးကို အပူတပြင်း နိုင်လွန်ကတ္တရာ ခင်းနေပါတယ်။

မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ စစ်တွေကတဆင့် သံတွဲ၊ ကျောက်ဖြူနဲ့ ထိုင်းနိုင်ငံ နည်းပညာနဲ့ တည်ဆောက်မယ့် ဂွမြို့နယ်ရှိ လေအားလျှပ်စစ်လုပ်ငန်းကို သွားရောက်ကြမယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူထံက သိရပါတယ်။

စစ်ခေါင်းဆောင်က ငပလီကမ်းခြေကိုလည်း လာရောက်ဖို့ သတင်းထွက်နေတဲ့အတွက် သံတွဲမြို့၊ မင်းဘာကြီးလမ်းမရှိ ကွမ်းယာဆိုင်၊ မုန့်ဆိုင် အပါအဝင် စျေးဆိုင်ခန်း ၂၀ ကျော်ကို  ဇန်နဝါရီ ၁၀ ရက်နေ့နောက်ဆုံးထား ဖြိုဖျက်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

အစ္စရေးဆိုင်ဘာ ထောက်လှမ်းရေးကုမ္ပဏီ Cognyte ထံမှ မြန်မာက စပိုင်ဆော့ဝဲ ဝယ်ယူခဲ့ကြောင်း အထောက်အထားသစ်များ တွေ့ရှိ

ဖုန်းဆက်သွယ်ပြောဆိုသူများအား ကြားဖြတ်ခိုးနားထောင်နိုင်ရန် နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်ဗဟိုချက်၌ တပ်ဆင်မည့်အဆင့်မြင့် ဆိုင်ဘာထောက်လှမ်းရေးစနစ် တစ်ခုအတွက် မြန်မာအစိုးရပိုင်ကုမ္ပဏီက ခေါ်ယူခဲ့သောတင်ဒါကို အစ္စရေးကုမ္ပဏီတစ်ခုဖြစ်သည့် Cognyte က အောင်မြင်ခဲ့ကြောင်း Justice For Myanmar အဖွဲ့ကရရှိခဲ့သော စာရွက်စာတမ်းများအရ သိရသည်။ Cognyteသည် Nasdaq စတော့ဈေးကွက်တွင် အစုရှယ်ယာ ရောင်းဝယ်ဖောက်ကားနေသော ကုမ္ပဏီတစ်ခုဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့်အီးယူတို့က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုများပိတ်ပင် ထားသော်လည်း ယခုအချိန်၌ တိုင်းပြည်ကို အတိအလင်းထိန်းချုပ်ထားသော စစ်ကောင်စီထံသို့ လက်နက်ရောင်းချမှု ရပ်ဆိုင်းရေးကို အစ္စရေးက အစောပိုင်းတွင် ငြင်းဆန်နေခဲ့သည်။

၂၀၁၆-၂၀၁၇ ကာလများအတွင်း ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုန်းသတ်ဖြတ်ရေးမူဝါဒများကို မြန်မာနိုင်ငံက ချမှတ်ကျင့်သုံးခဲ့စေကာမူ အစ္စရေးနိုင်ငံသည် စစ်ကောင်စီသို့ ပို့ကုန်တင်ပို့မှုများ၊ စစ်တပ်နှင့် ဆက်ဆံမှုများကို ဆက်လက်ပြုလုပ်နေခဲ့သည်။ သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပါရှိလာပြီး အများပြည်သူ၏ ဖိအားမြင့်မားလာသည့် အချိန်ကျမှသာ အစ္စရေးက မြန်မာနိုင်ငံသို့ လုံခြုံရေး ပစ္စည်းများ တင်ပို့နေမှုကို ၂၀၁၈ ခုနှစ်နှစ်ဦးပိုင်းတွင် ရပ်ဆိုင်းခဲ့သည်။

ရရှိထားသောစာရွက်စာတမ်းများအရ မြန်မာကောင်စီအနေဖြင့် ဆက်သွယ်ရေး ကုမ္ပဏီအားလုံး၏ ကွန်ရက်များတွင် “ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်သည့် စနစ်များ” တပ်ဆင်ရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။ အဆိုပါစနစ်မျိုးကို မိမိနိုင်ငံသားများအပေါ် ထောက်လှမ်းရန် နည်းလမ်းများအဖြစ် ဥပဒေ၊ နည်းဥပဒေများပြဌါန်းလျှက် နိုင်ငံအများအပြားရှိ ရဲတပ်ဖွဲ့နှင့် ဥပဒေစိုးမိုးရေးအဖွဲ့များ၌ အသုံးပြုလျက်ရှိကြသည်။

၎င်းစနစ်များသည် ဖုန်းပြောဆိုမှုများအား ခိုးနားထောင်နိုင်ရေး မိုဘိုင်းဖုန်းတည်နေရာကို ရှာဖွေခြင်း၊ မိုဘိုင်းစက်ပစ္စည်းများထဲသို့ ကြားဖြတ်ဝင်ရောက်ခြင်း၊ စာသားနှင့် လျှို့ဝှက်သင်္ကေတပြုစာတိုများ ဆွဲထုတ်ရယူခြင်း စသည့်လုပ်ရပ်မျိုးစုံဖြင့် ကွန်ရက်လှုပ်ရှားမှုကို စောင့်ကြည့်ကြသည်။

တိုင်းပြည်၏ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ထိန်းချုပ်ထားသော နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)အတွက် စနစ်တစ်ခု ပေးသွင်းရမည့်တင်ဒါကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း Cognyte ကုမ္ပဏီက အောင်မြင်ခဲ့ကြောင်း စာရွက်စာတမ်းများ၌ တွေ့ရှိရသည်။ အဆိုပါကန်ထရိုက်ကို စစ်တပ်ကအာဏာမသိမ်းမီ တစ်လခန့်အလိုက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

စနစ်တပ်ဆင်မှုများအား ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အပြီးဆောင်ရွက်ရန် ရည်မှန်းထားသော်လည်း ၎င်းစနစ်ကို လွှဲပြောင်းပေးအပ်ပြီးခြင်း ရှိ/မရှိ သို့မဟုတ် လုပ်ငန်းလည်ပတ်နေခြင်း ရှိ/မရှိ ရှင်းလင်းစွာ မသိရှိရပေ။ အစိုးရဆက်သွယ်ရေးကုမ္ပဏီသည် ၎င်းစနစ်ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံအတွင်းရှိသတင်းရင်းမြစ်များက Reuters သတင်းဌာနကို ပြောကြားသည်။

အဆိုပါစနစ်ကို မဝယ်ယူမီတစ်လအလို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းပြည်၏ အရပ်သားခေါင်းဆောင်လည်းဖြစ်၊ နိုဘယ်ဆုရှင်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် ရွေးကောက်ပွဲမသမာမှုများ ရှိသည်ဟု စစ်တပ်က စွပ်စွဲပြောဆိုလျက် ရွေးကောက်ပွဲရလဒ်ကိုလက်ခံလိုခြင်း မရှိကြောင်း ၎င်းတို့က အချက်ပြလာသည်။

နောက်နှစ် ဖေဖော်ဝါရီလတွင်မူ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပြင် ဝန်ကြီးများနှင့် လွှတ်တော်အမတ်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နောက်ပိုင်းတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂၆ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အာဏာသိမ်းပြီး ဆက်လက်ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုနှင့် ပဋိပက္ခများအတွင်း အနည်းဆုံးလူပေါင်း ၁,၆၀၀သေဆုံးခဲ့ပြီး ၁၄,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ထို့အပြင် အကြမ်းဖက်မှုစွပ်စွဲချက်များဖြင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ လေးဦးကိုလည်း သေဒဏ်ပေး ကွပ်မျက်ခဲ့သည်။

မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များသည် “လူ့အသက်ကို ပြောင်ပြောင်တင်းတင်းပင် အလေးမထားကြကြောင်း” ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်၌ ရေးသားထားပြီး လူအများအပြားကို ပရမ်းပတာ ဖမ်းဆီးခြင်း၊ ရက်စက်စွာညှင်းပန်းနှိပ်စက်ခြင်း၊ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။

“စစ်ကောင်စီသည် အွန်လိုင်းစောင့်ကြည့်မှုများမှတစ်ဆင့် ပုဂ္ဂိုလ်ရေးရာ အီလက်ထရောနစ် ဆက်သွယ်မှုများကို ပုံမှန်စစ်ဆေးထိန်းကျောင်းလျက်ရှိပြီး ဒီမိုကရေစီအရေး ထောက်ခံလှုပ်ရှားသူများကို စောင့်ကြည့်နေကြောင်း သတင်းအများအပြား ရရှိသည်။ အာဏာမသိမ်းမီက စစ်တပ်သည် အီလက်ထရောနစ် စစ်ရေးစွမ်းရည်တစ်ခုကိုတည်ဆောက်ကာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူများကို ထိန်းကျောင်းရန် ဆယ်လူလာဖုန်း ကြားဖြတ်ဝင်ရောက်သည့် စနစ်များအပါအဝင် ထောက်လှမ်းရေး နည်းပညာများကို ဝယ်ယူခဲ့သည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။

မှတ်ချက်ပေးရန် Haaretz သတင်းဌာန၏ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့မှုအပေါ် Cognyte က ပြန်လည် တုံ့ပြန်ခဲ့ခြင်းမရှိပေ။ Cognyte အနေဖြင့် မြန်မာနိုင်ငံ၌တင်ဒါဝင်ရောက်ယှဉ်ပြိုင်ပြီး စက်ပစ္စည်းများ ရောင်းချရန်ခွင့်ပြုချက် တောင်းခံခဲ့ခြင်း ရှိ/မရှိနှင့် ကာကွယ်ရေးဝန်ကြီးဌာနက ထိုသို့ရောင်းချရန် ခွင့်ပြုခဲ့ခြင်း ရှိ/မရှိ Haaretz သတင်းစာ၏ မေးမြန်းမှုများကိုလည်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဌာနက ပြန်လည်မဖြေကြားခဲ့ပေ။

အစ္စရေးစစ်လက်နက်စနစ်များကို မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည့် အထောက်အထားများ ပေါ်ထွက်လာပြီးနောက် လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ Eitay Mack က အစ္စရေးရှေ့နေချုပ် Gali Baharav-Miara ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါစာထဲတွင် မြန်မာနိုင်ငံ၌ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် Cognyte ကုမ္ပဏီတို့က အားပေးကူညီနေသည် ဟူသည့် စွပ်စွဲချက်များအတွက် ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးပေးရန် ၎င်းအပါအဝင် ဒါဇင်နှင့်ချီသော အခြားလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆော်ဩတောင်းဆိုထားသည်။

တစ်ချိန်တည်းမှာပင် ကာကွယ်ရေးဝန်ကြီးဌာန ပို့ကုန်ကြီးကြပ်မှုဌာနခွဲထံသို့လည်း ၎င်းပုဂ္ဂိုလ်များက စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး Cognyte ၏ပို့ကုန်ပါမစ်နှင့် မြန်မာနိုင်ငံသို့ ဈေးကွက်တင်ပို့ခွင့် လိုင်စင်များကိုဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

“ဥပဒေနှင့်အညီကြားဖြတ်နားထောင်ခြင်း ဟူသောစကားရပ်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အစ္စရေးတို့က နောက်ထပ်တစ်ကြိမ် ထပ်မံအားပေးကူညီနေမှုကို ဖုန်းကွယ်လိုသည့် ဟန်ပြစကားလုံးသာဖြစ်သည်” ဟု စာထဲတွင် Mack ကရေးသားသည်။

“မြန်မာနိုင်ငံတွင် ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်မှုကို ကြီးကြပ်ရန် ဥပဒေအခြေခံ အဆောက်အအုံ သို့မဟုတ် လုပ်ထုံးလုပ်နည်းများ မည်သည့်အခါကမျှမရှိခဲ့ပါ။ မြန်မာနိုင်ငံ၏ ဆိုးဝါးနေသည့် အခြေအနေအရပ်ရပ်ကို Cognyte က တင်ဒါမရမီ အချိန်ကသော်လည်းကောင်း၊ တင်ဒါအောင်ပြီးအချိန်၌ သော်လည်းကောင်း သိရှိနားလည်ထားခဲ့ပြီးဖြစ်သည်။

Cognyte နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများအနေဖြင့် မြန်မာနိုင်ငံ၏ ဆိုးဝါးနေသော အခြေအနေများကို မသိရှိခဲ့ပါဟု ငြင်းဆန်ပြောဆို၍ မရပါ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား အကူအညီပေးအပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့ သိရှိထားခဲ့သည် သို့မဟုတ် သိရှိထားပြီး ဖြစ်နေသင့်သည်” ဟု ဆက်လက်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန်-အစ္စရေး ကုမ္ပဏီဖြစ်သော Verint သည် ၎င်း၏ ထောက်လှမ်းရေး ဆိုင်ဘာစနစ်ဌာနကို သီးခြားကုမ္ပဏီတစ်ခုအဖြစ် ခွဲထုတ်ကာ Cognyte အမည်ဖြင့် Nasdaq စတော့ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်စေခဲ့သည်။ ယနေ့အချိန်တွင် Verint သည် ကွန်ပျူတာအသိဉာဏ်တု (AI) နှင့် ဒေတာဆန်းစစ်မှု နည်းပညာကဏ္ဍများကို အလေးပေး ဆောင်ရွက်လျက်ရှိသော်လည်း အတိတ်ကာလကမူ၎င်းသည် အဇာဘိုင်ဂျန်၊ အင်ဒိုနီးရှား၊ တောင်ဆူဒန်၊ ဥဇဘက်ကစ္စတန်နှင့် ကာဇက်စတန်ကဲ့သို့ ဖိနှိပ်သော အစိုးရများထံသို့ အဆင့်မြင့်စောင့်ကြည့်ရေး နည်းပညာများ ရောင်းချခဲ့ဖူးသည်။

Herzliyaမြို့ရှိ Cognyte ၏ လုပ်ငန်းလိပ်စာမှာ Verint ကုမ္ပဏီ၏ လိပ်စာနှင့်အတူတူပင်ဖြစ်ပြီး တစ်ချိန်က Verint ရောင်းချခဲ့သော ဆိုင်ဘာထောက်လှမ်းရေး ဝန်ဆောင်မှုများကိုပင် ဆက်လက်ပေးအပ်လျက် ရှိသည်။

ယခုအပတ် Haaretz သတင်းစာ၌လည်း ဆိုက်ပရပ်ရှိ Cognyte ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော U-TX Technologies က လူ့အခွင့်အရေး မှတ်တမ်းဆိုးများ ရှိနေသည့်ကြားမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စောင့်ကြည့်ရေး စက်ပစ္စည်းမျာ းရောင်းချခဲ့ကြောင်း သတင်းဖော်ပြထားသည်။ ဒေါ်လာ ၂သန်းတန် “ဝဘ် ထောက်လှမ်းရေးစနစ်” နှင့် ဒေါ်လာ ၅ သိန်းတန် စစ်ထောက်လှမ်းရေးအတွက် ဆဲလ်ဖုန်းခြေရာခံ စနစ်များကို အင်တာနက်နှင့် လူမှုကွန်ရက်အသုံးပြုမှုများကို ခြေရာခံရန် တာဝန်ရှိသည့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန၏ အမျိုးသားဆက်သွယ်ရေး စောင့်ကြည့်မှု ဗဟိုဌာနသို့ ၎င်းကုမ္ပဏီက ပေးသွင်းခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်လျက် မြန်မာစစ်ကောင်စီနှင့် ပြုလုပ်ခဲ့သော လက်နက်အရောင်းအဝယ် အများအပြားနှင့် အဆိုပါ အရောင်းအဝယ်များ၌ ပါဝင်ပတ်သက်ခဲ့သော မြန်မာကောင်စီအရာရှိများ၏ အကျင့်ပျက် ခြစားမှုများကို Justice For Myanmar အဖွဲ့က ဖော်ထုတ်ပေးခဲ့ပြီးဖြစ်သည်။

ထို့အပြင် အစ္စရေးလက်နက်တင်ပို့သူ အများအပြားကို ကိုယ်စားပြုပြီး အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိထားကြောင်း ၎င်းတို့ကိုယ် ၎င်းတို့ကြော်ငြာထားသော ပြည်တွင်း ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်အတွက် လုံခြုံရေးစနစ်အမျိုးမျိုးအား မည်သို့ ရောင်းချခဲ့သည်ကို သက်သေထူနေသည့် တရားဝင်စာရွက်စာတမ်းများ ရရှိခဲ့ခြင်းမှာ အခြားဖော်ထုတ်နိုင်ခဲ့မှုတစ်ခု ဖြစ်သည်။

မကြာသေးမီကလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော အကြီးတန်းအမှုဆောင်တစ်ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးမှုအတွင်း မြန်မာစစ်ခေါင်းဆောင်၏ မိသားစုပိုင်ဆိုင်သော ဇိမ်ခံကွန်ဒိုအခန်းနှင့် ဘဏ်စာအုပ်များကို သိမ်းဆည်းရရှိထားသည် ဆိုသည့် သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

Haaretz သတင်းစာပါ Oded Yaron ၏ “Myanmar Acquired Spyware From Israeli Cyber-intelligence Firm Cognyte, New Docs Reveal” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။khit thit

« Older Entries