ခင်ဦးမြို့နယ်သို့ စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ကျေးရွာ ၅ ရွာမှ ဒေသခံများ ထွက်ပြေးနေရ

ပြီးခဲ့သည့်ရက်ပိုင်းက ရေဦးမြို့နယ်တွင်ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့ဖျက်စီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်း ခင်ဦးမြို့နယ်သို့ဝင်ရောက်လာသည့်အတွက် မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာ ၅ ရွာမှ ပြည်သူ ၃,၀၀၀ ကျော်ခန့်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးသတင်းမှန်ပြန် ကြားရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက“အဲဒီစစ်ကြောင်းက မနက်အစောပိုင်းမှာ ခင်ဦးအနောက်ခြမ်းကိုရောက်လာတာ။ ရွာသစ်ကုန်း ပျူခြံကိုရောက်လာပြီး ခြံရဲ့အနောက်ဘက်ကရွာတွေကို သေနတ်ပစ်ဖေါက်ဝင်ရောက်ခဲတဲ့အတွက် ဒေသခံတွေထွက်ပြေးနေရတယ်” ဟု ပြောသည်။
စစ်ကြောင်းဝင်ရောက်မှုကြောင့် ခင်ဦးအနောက်ခြမ်းရှိကျေးရွာများဖြစ်သော အင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စု၊ ရာတော်၊ မကျည်းအုပ်၊ မင်းဒေါင်း စသည့်ကျေးရွာများမှ တောင်နှင့်ချီသည့်ပြည်သူများ ဘေး လွတ်ရာသို့ထွက်ပြေးနေရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင်း အမျိုးသားတစ်ဦး ကျည်ထိ မှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ရမ်းသန်းပစ်တာတွေလုပ်လို့ ဒေသခံတွေထွက်ပြေးနေရတယ်။ ပြေးရင်းနဲ့ အင်တိုင်းလေးမြောက်ရွာက အသက် ၃၀ ကျော်အမျိုးသားတစ်ဦး ပေါင်ကိုကျည်မှန်တာ ဟိုဘက်ဒီဘက်ပေါက်သွားတယ်လို့ ပြော တယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောသည်။
စစ်ကောင်စီတပ်ဝင်ရောက်နေသည့် ခင်ဦးအနောက်ခြမ်းရှိကျေးရွာများတွင် ယခင်က မီးရှို့ဖျက်ဆီးခြင်းခံ ခဲ့ရသည့် ကျေးရွာများပါဝင်ကြောင်းလည်းသိရသည်။ စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်အများစုရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။mizzima