ထားဝယ်မြို့ပေါ်ရှိ နေအိမ် ၁ လုံးကို စစ်ကောင်စီ ချိပ်ပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်ကွက် ဆေးရုံလမ်းနှင့် ရေသီတာ လမ်းထောင့်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့က အဆိုပါနေအိမ်အား PDF အဖွဲ့ဝင်များနှင့် ဆက်နွှယ်ပတ်သက်မှုရှိသည်ဟု စွပ်စွဲပြီး လာရောက် ချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ချိပ်ပိတ်ခံရသည့် နေအိမ်မှ မိသားစုဝင်တစ်ဦးက ပြောသည်။
နေအိမ်ချိပ်ပိတ်ခံရသည့်မိသားစုဝင်တစ်ဦးက“ငယ်ငယ်လေးကတည်းက မိသားစုတွေနဲ့ အတူတူကြီးပြင်း လာခဲ့တဲ့ ဒီအိမ်ကို အခုလို မတရားချိပ်ပိတ်လိုက်တော့ စိတ်မကောင်းဖြစ်ရတယ်”ဟု ပြောသည်။
ယင်းနေအိမ်ကို စစ်ကောင်စီက မည်သည့်နေ့ရက်က လာရောက်ချိပ်ပိတ်သွားခဲ့သည်ကို တိတိကျကျ မသိ ရသော်လည်း လက်ရှိမှာ နေအိမ်အရှေ့နှင့် နံဘေးတို့တွင် အနီရောင်ဆိုင်းဘုတ်သုံးခုကပ်ထားသည်ကို တွေ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။
ချိပ်ပိတ်ခံလိုက်ရသည့်နေအိမ်မှ မိသားစုဝင်များ ပြီးခဲ့သည့်ရက်ပိုင်းက မိသားစုလိုက်ခရီးထွက်နေစဉ် ယခု ကဲ့သို့ ချိပ်ပိတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မိသားစုဝင်တွေက စျေးရောင်းချနေတဲ့ သူတွေပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ခရီးထွက်နေချိန်မှာ အခုလို ချိပ်ပိတ်ခံရတာ ဖြစ်ပါတယ်”ဟု နောက်ထပ် မိသားစုဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက နေအိမ်ပိုင်ရှင်များကို PDF အဖွဲ့စည်းကို ထောက်ပို့လုပ်နေသည်ဟု စွပ်စွဲနေ၍ မိသားစုဝင်များလည်း နေအိမ်သို့ ပြန်လာမရဲတော့ဘဲ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်နေရကြောင်း သိရသည်။
“ဒီထက်မက အသက်တွေပါဆုံးရှုံးလိုက်ရတဲ့မိသားစုတွေနဲ့ယှဥ်ရင် ကျွန်တော်တို့က ဖြေသာပါသေးတယ်။ ဒီတော်လှန်ရေးအောင်မြင်ဖို့အ တွက်ကိုပဲ ပိုပြီးကြိုးစား ရုန်းကန်ရမယ်။ ဒါမှ ကျွန်တော်တို့လည်း အိမ်ပြန် နိုင်မှာ”ဟု မိသားစုဝင် တစ်ဦးက ထပ်လောင်း ပြောဆိုသည်။
စစ်ကောင်စီက ချိပ်ပိတ်လိုက်သည့် နေအိမ်အတွင်းရှိပစ္စည်းများကို ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီ တပ်သားများက ကားကြီးကားငယ်များဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ယင်းနေအိမ် အနီး နေထိုင်သူများက ပြောသည်။
ယခုကဲ့သို့ ပစ္စည်းများကို မတရားလာရောက်သိမ်းဆည်းသွား၍ တန်ဖိုးကြီးပစ္စည်းများလည်း အများ အပြားပါသွားသည့်အပြင် အဆိုပါနေ အိမ်မှ မိသားစုဝင်များ ပိုင်ဆိုင်သောမြေကွက်များလည်း သိမ်းဆည်း ခံလိုက်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။
“အဓိကကတော့ စစ်ကောင်စီလက်အောက်ခံ သတင်းပေးဒလန်တွေကလိုက်ပြလို့ မြေကွက်လည်း သိသွားတာ”ဟု မိသားစုဝင် တစ်ဦးက ပြေ ာသည်။
အလားတူ ထားဝယ်မြို့၊ အနောက်မြို့တွင်းရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ထိုင်းဖက်ရှင်ဆိုင်တစ်ဆိုင်ကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ မနက်က ဝင်ရောက် စီးနင်းပြီး PDF များ ဖွင့်ထားသည့်ဆိုင်ဟု ဆိုကာ ဆိုင်အတွင်းရှိ ပစ္စည်းများနှင့် ငွေကျပ် သိန်း ၆၀ ကျော် လုယူသွားကြောင်း မြို့ခံများထံမှ သိရသည်။
လက်ရှိ ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီက အကြောင်းမဲ့ စွပ်စွဲချက်များဖြင့် ချိပ်ပိတ်ခံရသည့် နေအိမ် ၁၀ လုံး ဝန်ကျင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။mizzima