ပုလောမြို့ ရှပ်ပုံရွာ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးခေါင်းဆောင် အပါဝင် ၄ ဦး သေဆုံး


တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ငါးနာရီအကြာ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် ထိတွေ့ တိုက်ပွဲ၌ စစ်ကောင်စီ တပ်သား နှစ်ဦးနှင့် ပျူစောထီးခေါင်းဆောင် အပါဝင် လေးဦး သေဆုံးခဲ့ပြီး သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) ထံမှ သိရ သည်။
ပုလောမြို့ ရှပ်ပုံစံပြကျေးရွာ၌ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ရာ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ရှပ်ပုံစံကျေးရွာနေ ဒေသခံ တစ်ဦးက“နေ့လယ် ၁ နာရီလောက် ကတည်းက ပစ်ခတ်သံ ကြားနေရတာ ဖြစ်တယ်၊ ရွာသားတွေတော့ ပုန်းနေ ရှောင်နေကြရပေါ့၊ အဆင်သင့်တော့ ပြင်ထားကြရတယ်”ဟု ပြောသည်။
ယင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးပြီး ပျူစောထီး ခေါင်းဆောင် (အုပ်ချုပ်ရေးမှူး) တစ်ဦးနှင့် အဖွဲ့ဝင် တစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပြီး သေနတ် တစ်လက်ကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရ သည်။
“တိုက်ပွဲက နေ့လယ် ၁ နာရီလောက်က စတာ။ အပြန် အလှန်ပစ်ကြတယ်၊ သူတို့ဘက် စစ်ကောင်စီတပ်သား နှစ်ဦးနဲ့ ပျူ နှစ်ဦး ကျတယ်။ ပျူခေါင်းဆောင်ပါ ကျတယ်၊ ကျနော်တို့ဘက် အထိအခိုက် မရှိဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ထို့အပြင် အဆိုပါ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားများက ပြည်သူ့နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ရှပ်ပုံစံပြကျေးရွာသည် ပုလောမြို့နယ်တွင် အိမ်ခြေ ၁,၀၀၀ ကျော်ရှိသော ရွာကြီးဖြစ်ပြီး တိုက်ပွဲ ပထမဆုံးအကြိမ် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။mizzima