လေညှင်းတောင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လေညှင်းတောင်အနီးတွင် ဘန့်ဘွေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နဂါးညီနောင်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ သုံးဦးသေဆုံးပြီး ငါးဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း နဂါးညီနောင်တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်က သုံးဦးကတော့ နေရာတင် အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားတယ်။ ကျန်တဲ့ငါးဦးကတော့ အပြင်းထန် ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ၎င်းက ဆိုသည်။
ဘန့်ဘွေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အရပ်သား လက်နက်ကိုင် (ပျူစောထီး ) အင်အား ၂၀ ခန့် ထွက်လာသည်ကို သတင်းကြိုတင်ရရှိခဲ့သဖြင့် လေညှင်းတောင်ဘက်သို့အရောက်တွင် ရှေ့ထွက်မိုင်း၊ ထိကွဲမိုင်းစသည့် မိုင်း ၁၂ လုံးဖြင့် လေးဆိုင်းဆွဲပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက်ခိုက်မှုကို နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF) နှင့် ချင်းတွင်းတိုက်ဂါး (L. Pdf) တို့က ပူးပေါင်း၍ တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima