အိမ်နီးချင်းနိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား လေပိုင်နက်သုံးစွဲခွင့်မပြုရန် NUG တောင်းဆို


မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့လေပိုင်နက်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသော လေကြောင်းတိုက်ခိုက်မှုများအတွက် အသုံးပြုခွင့်မပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ ရက်စွဲဖြင့် တောင်းဆိုချက်ထုတ်ပြန် ထားသည်။
အဆိုပါ ထုတ်ပြန်တောင်းဆိုချက်၌ ဇန်နဝါရီ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ်သို့ စစ်ကောင်စီတပ်များမှ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့မှုအတွင်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏လေပိုင်နက်အတွင်းသို့ ကျူးကျော်အသုံးချမှုများရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦးကပေးပို့ တင်ပြသောအချက်များအရသိရှိရကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီတပ်များမှ ကြဲချလိုက်သောဗုံးများသည်လည်း အိန္ဒိယပိုင်နက်အတွင်း ကျရောက်ခဲ့ ကြောင်းလည်း မြေပြင်သတင်းရင်းမြစ်များအရသိရကြောင်း ပါရှိသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် အိန္ဒိယလေပိုင်နက်အတွင်းသာမက အခြားအိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့လည်း ကျူးကျော်ခဲ့သည့် အစဉ်အလာများရှိခဲ့သည့် အတွက် မြန်မာပြည်သူများအပေါ် စစ်ကောင်စီ၏ လေကြောင်းမှအကြမ်းဖက်တိုက်ခိုက်နေမှုများအား အိမ်နီးချင်းနိုင်ငံများမှ ခွင့်ပြုမထားကြရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။
“အဆိုပါတောင်းဆိုမှုသည် အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အအုံများကို တိုက်ခိုက်ခြင်း အား ဆန့်ကျင်ရှုံ့ချထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်(၂၆၆၉)အရ ဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ချက်ချင်းရပ်တန့်ရန်၊ အကြမ်း ဖက်လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေခြင်းကို တားဆီးဟန့်တားရန်တောင်းဆိုသည့် အချက်များလည်း ပါဝင်သည်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ထုတ်ပြန်တောင်းဆိုချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ နှင့် ၁၁ ရက်နေ့များက ချင်းအမျိုးသားတပ်ဦးဌာန ချုပ်တည်ရှိရာ Camp Victoria သို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ချင်းအမျိုးသား တပ်မတော်(CNA) တပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့သည်။
ထို့ပြင် အရပ်သားအများအပြားလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တစ်လုံး၊ ဆေးကုသဆောင်တစ် ဆောင်အပါအဝင် အရပ်သားအ ဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ရသည်။
မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ၂၀၂၂ ခုနှစ်အတွင်းကလည်း စစ်ကောင်စီတပ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်လေပိုင်နက် အတွင်းကျူးကျော်ဝင်ရောက်ပြီး ထိစပ်လျက်ရှိသော ကရင်ပြည်နယ်သို့ လေ ကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သေးသည်။
ထိုကဲ့သို့ကျူးကျော်တိုက်ခိုက်မှုများကြောင့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖိုးဖမြို့နယ် ဝါးလေကျေးရွာသို့ ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ထိုင်းအစိုးရမှ ၎င်းတို့လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခြင်းမလုပ်ရန် သတိပေးပြောကြားခဲ့သည်။mizzima