(KBC)ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အမှုနှင့်ပတ်သက်ပြီး တရားလိုဘက်ကို စစ် ဆေး ပြီးစီး ဟုဆို

ဒေါက်တာခလမ်ဆမ်ဆွန် အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေများကို စစ်ဆေးပြီးစီးပြီ ဖြစ်ကြောင်း ဆရာတော်၏အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများထံမှ သိရသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ် ဆွန်ကို ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြစ်ကြီးနားအကျဉ်းထောင်၌ ရုံးထုတ်စစ်ဆေး ခဲ့ပြီး စစ်ကောင်စီက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးသူအောင်ဇော်က တရားလိုပြုလုပ်၍ တရားစွဲဆို ထားခြင်းဖြစ်ကာ ဇန်နဝါရီလ ၁၃ ရက်နေ့က ဗိုလ်မှူးသူအောင်ဇော်အပါအဝင် တရားလိုပြသက်သေ သုံး ဦးတို့ကို ထောင်တွင်းတရားရုံး၌စစ်ဆေးပြီးဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင် ရွက်ပေးနေသည့်အဖွဲ့မှ ရှေ့နေတစ်ဦးက ပြောသည်။
“ဒီလ ၁၁ ရက်နေ့က ဆရာ့ကြီးရဲ့ အမှုတင်တယ်။ ရမန်ယူတဲ့သဘော။ အဲဒီနေ့က ဘယ်သူ့ကိုမှမစစ်ဘူး။ ၁၃ ရက်နေ့မှာက တရားလိုပြ သက် သေက ဘယ်သူဘယ်ဝါဆိုပြီးစစ်တယ်။ အခုက တရားလိုဘက်ပဲစစ် သေးတယ်” ဟု ဆိုသည်။
တရားလိုပြသက်သေ သုံးဦးမှာ မြို့မအုပ်ချုပ်ရေးမှူး၊ ရှမ်းစုတောင်အုပ်ချုပ်ရေးမှူးနှင့် စီတာပူနယ်မြေမှူး တို့ဖြစ်ပြီး ၎င်းတို့အား စစ်ဆေးမေး မြန်းပြီးဖြစ်ကြောင်း၊ တရားလိုဘက်က အမှုစစ်အရာရှိတစ်ဦးကိုသာ စစ်ဆေးရန်ကျန်တော့ကြောင်း သိရသည်။
လာမည့် ဇန်နဝါရီလ ၂၃ ရက်နေ့၌ နောက်ထပ်တစ်ကြိမ် ရုံးချိန်းရှိသော်လည်း ထိုနေ့တွင် အခြားအမှုနှင့် ပတ်သက်ပြီး စာများရောက်ရှိခြင်း ရှိမရှိ စောင့်ရမည် ဖြစ်သည်ဟုလည်း ဆိုသည်။
တရားစွဲဆိုခံထားရသည့် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)မှာ ထောင်ဒဏ် နှစ်နှစ်ထက်မနည်း သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေ ဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)မှာ ထောင်ဒဏ်နှစ်နှစ်အထိချမှတ်နိုင်သည့် ပုဒ်မဖြစ်ကာ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
ဒေါက်တာခလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဆေးစစ်ရန်သွားသည့်အချိန် မန္တလေး တံ တား ဦးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက် ဆရာတော်သည် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ကြောရေး တွင် ၂၄ ရက်ကြာသည်အထိ မည်သူနှင့်မျှအဆက်အသွယ်မရရှိဘဲနေခဲ့ရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီက မြစ်ကြီးနားအကျဉ်းထောင်သို့ ရွှေ့ပြောင်းကာ ယခုကဲ့သို့တရားစွဲဆို လာခဲ့ ခြင်းဖြစ်သည်။mizzima