Monthly Archives: Jan 2023

နိုင်ငံခြားငွေဈေးနှုန်းမတည်ငြိမ်စေသည့် လှုံဆော်မှုများကိုသတင်းပေးရန် ဗဟိုဘဏ်ဥက္ကဋ္ဌတိုက်တွန်း

ငွေလဲကောင်တာ(Money Changer)လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားငွေကြေးဈေး ကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်စေသည့်လှုံဆော်မှုများကိုသိရှိပါက သတင်းပေးရန် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုထားသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် Money Changer လိုင်စင်ရဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့ အစည်းများနှင့်ဆွေးနွေးမှုအတွင်း “နိုင်ငံခြားငွေကြေးဈေးကွက်တည်ငြိမ်စေရေး အတူတကွဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြစေလိုပါတယ်”ဟု ၎င်းကထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် Money Changer များအနေဖြင့် ဗဟိုဘဏ်ကထုတ်ပြန်ထားသည့် ဥပဒေနှင့် စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ရန်လိုသလို မူဝါဒပိုင်းဆိုင်ရာတွေကို သိရှိရန်လိုအပ်ကြောင်း လည်း ၎င်းကပြောဆိုခဲ့သည်။

“ငွေလဲကောင်တာတွေမှာလည်း အရင်ကလို အချိန်နဲ့အမျှ ငွေလဲနှုန်းဖော်ပြထားတာတွေ မရှိတော့သလို၊ တချို့ဆိုရင် စကစရဲ့ဖမ်းဆီးစစ်ဆေးတာ၊ အကြပ်ကိုင်တာမျိုး ခံဝန်ကတိပေးရတာမျိုးလည်း လုပ်ဆောင် ခံရတဲ့အတွက် စကစနဲ့ ဗဟိုဘဏ်ရဲ့ လက်ခုပ်ထဲက ရေဖြစ်နေတယ်။ ဒါ့ကြောင့် ငွေလဲလှယ်တဲ့ အခါမှာ လည်း သတိထားဆောင်ရွက်ဖို့လိုတယ်” ဟု မဇ္ဈိမ၏သတင်းရင်းမြစ်ဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် သတ်မှတ်ထား သော်လည်း ယနေ့ ဇန်နဝါရီလ ၁၈ ရက် ပြင်ကငွေလဲလှယ်နှုန်းထားမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၂,၉၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြောင်း စုံစမ်းသိရှိရသည်။mizzima

စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်း ပေါက်ကြားမှု မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေး မြင့် နှင့် ရုံးအဖွဲ့ဝင်များ ထိန်းသိမ်းစစ်မေးခံရ၊ အစည်း အဝေး တက်သူ အရာရှိများ၏ မိုဘိုင်းလ်ဖုန်းများလည်း သိမ်းဆည်း စစ် ဆေး ခံနေရ

NUG ၊ CRPH နှင့် PDF တို့ကို ချေမှုန်းရေး အတွက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်ကျင်းပသည့် စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းများ ပေါက်ကြားသဖြင့် မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေးမြင့်နှင့် ရုံး အဖွဲ့ဝင် ရဲအရာရှိကြီး တချို့ စစ်မေးခံနေရကြောင်း သိရှိရသည်။

Khit Thit သတင်းဌာနက စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းများ ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သတင်းဖော်ပြခဲ့ရာ ယင်းဖော်ပြမှုနောက် ဆက် တွဲ ထိန်းသိမ်းစစ်ဆေးမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ရဲမှူးချုပ်အောင်ဌေးမြင့်နှင့် ရုံးအဖွဲ့သည် လျှို့ဝှက် အစည်းအဝေး မှတ်တမ်းများ ကို မှတ်တမ်းတင် ရေးသားပြီး အစီရင်ခံစာများကို ပြည်နယ်/တိုင်း အသီးသီး၊ ဝန်ကြီးဌာနများသို့ ပေးပို့ရသည့် တာဝန်ယူထားကြသူများဖြစ်သည်။

“အစည်းအဝေးမှတ်တမ်း တက်လာတဲ့ညမှာပဲ ရဲမှူးချုပ် အောင်ဌေးမြင့်နဲ့ ရုံးအဖွဲ့ တွေ ထိန်းသိမ်းစစ်မေးခံရတယ်။ ဖမ်းတာတော့မဟုတ်ဘူး။ ဖုန်းတွေစစ်တယ်။ ခဏ ခေါ်မေးသလိုပေါ့။ အဲဒီလိုပဲ သိထားပါတယ်။ နောက်ပြီး အစည်းအဝေး တက်တဲ့သူတွေထဲက အရပ်ဘက် စစ်ဘက် အရာရှိတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေကို တောင်းပြီး စစ်ဆေးတာတွေလည်းရှိတယ်။ အတော်တော့ ဗြောင်းဆန် သွား တယ်။ ဒီအစည်းအဝေးမှာ ချမှတ်တာတွေက ဒီ ၂၀၂၃ ခုနှစ်မှာ လုပ်မယ့် စီမံ ချက် တွေကို ဆွေးနွေးတာဆိုတော့ အရေးကြီးတဲ့ အစည်းအဝေး လည်း ဖြစ် တယ်။ ဒါကို တစ်ဖက်အဖွဲ့က သိသွားတော့ လုပ်မယ့် အလုပ်တွေ အားလုံး အကုန် ပျက်စီးနှောင့်နှေးမယ့်သဘော ဖြစ်ကုန်တော့ အခုလို စစ်ဆေးမှုတွေ ဖြစ် လာတာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် အပါအဝင် ဌာနပေါင်းစုံမှ အရာရှိကြီး ၅၅ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော ယာယီ ထိန်းသိမ်းစစ်မေးခံရသော ရဲမှူးချုပ်အောင်ဌေးမြင့်သည် နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သည်။

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အရပ်ဘက် ဌာနများအတွင်း ခေတ်သစ် သတင်းဌာနထံသို့ သတင်းပေးသည့် အရာရှိ ဖရဲ သီး ရှိရမည်ဆိုသော ယူဆချက် ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ ဖရဲသီး ဆိုသူ ကို ဖမ်းဆီး ရမိခြင်း မရှိသေးဟု သိရှိရသည်။

စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေးမှတ်တမ်းကို အစည်းအဝေး တက် ရောက် သူများသို့ ပေးပိုရာတွင် အစည်းအဝေး တက်ရောက်သူများ၏ နံပါတ် အစဉ် အလိုက် လျှို့ဝှက်ကုတ်များ ရေးသွင်း ပေးပို့ခဲ့သော်လည်း ခေတ် သစ် က ပြန်လည် ဖော်ပြချိန်တွင် လျှို့ဝှက်ကုတ်များ နှင့် စာအမှတ်များ ဖျက်၍ ပြန် လည် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်အတွင်း PDF ကို ကြောက်လန့်နေရဟု မကွေးဝန်ကြီးချုပ် တင့် လွင် ပြောဆိုသည့် မကွေး တိုင်း၊ စစ်ကောင်စီအစည်းအဝေး အသံဖိုင် Khit Thit သို့ ပေါက်ကြားမှုဖြင့် မကွေးတိုင်းအစိုးရ အတွင်းရေးမှူး ဒုညွှန်ချုပ် ဝင်းရှိန်ကို ယမန်နှစ် မေလ ၂ ရက်နေ့တွင် နိုင်ငံတော်လျှို့ဝှက် ဥပဒေချိုး ဖောက်သည်ဟု ဆိုကာ ရာထူးမှ ဖြုတ်ချ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်ခေတ်သစ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မင်းအောင် လှိုင် ဦးဆောင်တက်ရောက်ခဲ့သည့် စစ်ကောင်စီအလွတ်သ ဘော လျှို့ဝှက် အစည်း အဝေး မှတ်တမ်းများကိုလည်း Khit Thit သတင်းဌာနက ဖော်ပြခဲ့ သဖြင့် အရာရှိနှင့်ဝန်ထမ်းတချို့ ဖမ်းဆီးအရေးယူမှုများ ဖြစ်ပေါ်ခဲ့သည်။

အလားတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နေပြည်တော်တွင် အသံတိတ် သပိတ် တားဆီးရေး ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ပြောဆိုသော လျှို့ ဝှက် အစည်း အဝေး အသံဖိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့ရာ အစည်း အဝေး တက်ရောက်ခဲ့သူ ဒုဝန်ကြီးမှစ၍ ထွေ/အုပ်အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ အရာရှိကြီး များနှင့် စည်ပင် အရာရှိများ၊ ဌာနဆိုင်ရာများကို ခေါ်ယူ စစ်ဆေးခြင်း၊ မိုဘိုင်းလ် ဖုန်း များကို စစ်ဆေးခြင်းများ စစ်တပ်က လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ စစ်ဘက်၊ အရပ်ဘက် လျှို့ဝှက် ညွှန်ကြားမှု မှန် သမျှ ပေါက်ကြားနေသဖြင့် စစ်ကောင်စီက ညွှန်ကြားချက်များ မပေါက် ကြား စေရန် နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။khit thit

မောင်တောတွင် စားနပ်ရိက္ခာထောက်ပံ့မည့် အန်ဂျီအိုများ သွားလာခွင့်မရသဖြင့် ဒေသခံများ အခက်တွေ့

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း ၂၄ စစ်ဆေးဂိတ်မှာ စားနပ်ရိက္ခာထောက်ပံ့နေတဲ့  နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေကို သွားလာခွင့် ပိတ်ထားဆဲ ဖြစ်တာကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြောက်ပိုင်း ကျေးရွာသားတဦးက “ကျနော်တို့ မြောက်ပိုင်းက ကျေးရွာစုရပ်တွေကို ရိက္ခာထောက်ပံဖို့ အိုင်အန်ဂျီအိုနဲ့ အန်ဂျီအိုအဖွဲ့တွေ လာလို့မရသေးဘူး။ ၂၄ စစ်ဆေးဂိတ်က ပိတ်ထားတယ်။ ကြိမ်ချောင်းကနေ သွားယူရတော့ သယ်ယူစရိတ်ကို အိုင်အန်ဂျီအိုအဖွဲ့တွေက ၂၀ ရာခိုင်နှုန်း ကျခံတယ်။ ကျနော်တို့ဆီက ၈၀ ရာခိုင်နှုန်းအထိ ကျခံနေရတော့ ဆင်းရဲတဲ့ပြည်သူတွေ စရိတ်မတတ်နိုင် ဖြစ်နေကြရတယ်” လို့ ပြောပါတယ်။

အရင်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့က မောင်တောမြောက်ပိုင်းရှိ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအထိ သွားရောက် ကူညီထောက်ပံ့ခွင့်ရခဲ့ပေမဲ့  လက်ရှိ ကြိမ်ချောင်း ၂၄ စစ်ဆေးဂိတ်က အဲဒီ မြောက်ပိုင်းကျေးရွာတွေအထိ သွားလာခွင့် မပြုသေးတာကြောင့် ကြိမ်ချောင်းကျေးရွာမှာ စုရပ်လုပ်ပြီး ရိက္ခာတွေ ထောက်ပံ့ ကူညီနေကြရတာလည်း ဖြစ်ပါတယ်။

ကြိမ်ချောင်းကျေးရွာကနေ ရိက္ခာတွေကို မိုင် ၄၀ ကျော် ၅၀ ဝေးလံတဲ့ ကျေးရွာအုပ်စုတွေဆီ သယ်ယူရာမှာ ကားတစီးငှားခ ကျပ် ၃ သိန်းအထိ ပေးနေရပြီး ကျေးရွာအုပ်စုတခုအတွက် ကား ၆ စီးငှားခ ကျပ် ၁၈ သိန်းအထိ ကုန်ကျမှုရှိနေရာ အဲဒီခရီးစရိတ်ကို အိုင်အန်ဂျီအိုအဖွဲ့တွေက ၂၀ ရာခိုင်နှုန်းသာပေးပြီး ကျန် ၈၀ ရာခိုင်နှုန်းကို ဒေသခံတွေ စုပေါင်းကျခံနေကြရကြောင်း ကျေးရွာအုပ်စု ဒေသခံတွေဆီက သိရပါတယ်။

ရိက္ခာထောက်ပံ့မှု ၈ လအထိ လုံးဝမရရှိတဲ့ ကျေးရွာတွေကတော့ တောင်ပြို၊ နံသာတောင်၊ သင်္ဘောလှ၊ မီးတိုက်၊ သာယာကုန်း၊ တရိမ်း၊ လိပ်ရ၊ ကျောက်ချောင်း၊ စျီးပင်ချောင်း၊ ရေတွင်းပြင် စတဲ့ကျေးရွာ ၁၁ ရွာဖြစ်ပြီး  ၂၀၂၂ ခုနှစ် ဇွန်လကစလို့  ၂၀၁၃ ခု ဇန်နဝါရီ ၁၇ ရက်အထိ ရိက္ခာထောက်ပံ့မှု မရရှိတာကြောင့် စားဝတ်နေရေး အခက်အခဲ့တွေနဲ့ တွေ့ကြုံနေကြရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

မီးတိုက်ကျေးရွာသားတဦးက “ကျနော်တို့ စားဝတ်နေရေး အတော်အခက်အခဲ ဖြစ်နေကြတယ်။ ရိက္ခာထောင်ပံ့မှု မရကြတာ ၇ လပိုင်းက တည်း က လုံးဝမရသေးဘူး။ ၉ လပိုင်းမှာ မီးတိုက်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်တာနဲ့ သွားလာလို့မရခဲ့ကြဘူး။ အခု အပစ်အခတ် ရပ်ထားတော့လည်း ရိက္ခာထောက်ပံ့မှု မရတော့ ဒေသခံတွေ စားဝတ်နေရေး အလွန်အခက်အခဲ ဖြစ်နေရတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် (မြောက်ပိုင်း) မှာ UNHCR နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေ ၂၀၂၂ ခုနှစ် စက်တင်ဘာလကစပြီး ရိက္ခာဖြန့်ဝေမှုလုပ်ငန်းတွေ ခေတ္တဆိုင်းငံ့ထားခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကစပြီး ပဋိပက္ခဒဏ်ခံစားနေရတဲ့ လူမှုအသိုင်းအဝန်းတွေဆီကို အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေတဲ့လုပ်ငန်း ပြန် လည်ဆောင်ရွက်နေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက သတင်းထုတ်ပြန်ထားပေမဲ့ အထောက်အပံ့မရတဲ့ ကျေးရွာတွေရှိနေပါသေးတယ်။ DVB

မိုင်တဲတာဝါတိုင် မီးရှို့ဖျက်ဆီးခံရခြင်းကို KIA နှင့် PDF က ရွာကိုမီးရှို့ဟု သတင်းမှားဖြန့်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ရွာကို မီးရှို့သည်ဟု ဆိုကာ မီးလောင်နေသည့် ဗီဒီယိုဖိုင်ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။

ဘညွန့်အမည်ရှိတယ်လီဂရမ်ချန်နယ်မှ “အကြမ်းဖက် KIA နဲ့ PDF တွေ မီးရှိတယ်ဆိုပြီး ခွေးသစ်က တင်ထားတယ် သူကတင်ပေးရင်း ဖော်ကောင်ပြန်လုပ်ပေးလိုက်တာပဲ” (မူရင်းအရေးအသားအတိုင်း) ရေးသားကာ မီးလောင်နေသည့် ဗီဒီယိုဖိုင်ဖြင့် ဖြန့်ဝေထားသည်။

ထိုဗီဒီယိုတွင် “အကြမ်းဖက် KIA+PDF(ပဒက်) ရွာတွေကို မီးရှို့ထားတဲ့ Video တပ်မတော်က လုပ်ပါတယ် ဆိုပြီး ခေတ်သစ်ကဖာဆန်တာ” ဟုလည်း ရေးထိုးထားသည်။ ထိုဖိုင်သည် အခြားတယ်လီဂရန်ချန်နယ် ၁၂ ခု အပြင် ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

ထိုဗီဒီယိုဖိုင်ကို မဇ္ဈိမမှအချက်အလက်စစ်ဆေးခဲ့ရာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် လုံးဝ ဆက်စပ်မှုမရှိဘဲ ဇန်နဝါရီလ ၁၀ ရက်နေ့ညက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းရှိ စစ်ကောင်စီထောက်တိုင်ဖြစ်သည့် Mytel တာဝါတိုင်အား ရေးဘီလူးအဖွဲ့မှ သွားရောက် မီးရှို့ခဲ့သည့် ဗီဒီယိုဖိုင်ဖြစ်သည်။

အဆိုပါဗီဒီယိုဖိုင်ကို ရေးဘီလူးအဖွဲ့လူမှုကွန်ရက်စာမျက်နှာတွင် အစောဆုံးတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ထောက်တိုင် Mytel တာဝါတိုင်အားမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ကျုံလောင်းရွာဟောင်းကျေးရွာအတွင်း စစ်ကောင်စီ၏ ပညာရေးစနစ်ကိုလည်း ပိတ်သိမ်းလိုက်ကြောင်းနှင့် နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် အပေါင်းအပါများကိုလည်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ လင့် – https://bit.ly/3IWwlot

ခေတ်သစ်တွင်လည်း အဆိုပါဗီဒီယိုဖိုင်နှင့်အတူ ရေးဘီလူးအဖွဲ့မှ ကျုံလောင်းရွာဟောင်းရှိ Mytel တာဝါ တိုင်အား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ သတင်းမှားတွင် ပါဝင်သကဲ့သို့ ရွာမီးရှို့ကြောင်း မဟုတ်ပေ။ လင့် – https://bit.ly/3iJfRW4

ထိုဖိုင်နှင့်ပတ်သက်၍ ရေးဘီးလူးအဖွဲ့မှ Mytel တာဝါတိုင်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်းကို မွန်ပြည်နယ် အခြေစိုက် လဂွန်းအိမ်စာစဉ်အပြင် မဇ္ဈိမမှလည်း သတင်းတင်ဆက်ထားသည့်။ လင့် – https://bit.ly/3HdFRT6 , https://bit.ly/3HmZKqZ

ထို့ကြောင့် KIA နှင့် PDF များမှ ရွာမီးရှို့သည်ဆိုသော ဗီဒီယိုဖိုင်သည် အချက်အလက်မှန်ကန်ခြင်းမရှိဘဲ အမှန်တကယ်မှာ မွန်ပြည်နယ်ရှိ Mytel တာဝါတိုင်ကို ဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်သာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

ရေဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းထိုးခဲ့သော နေရာများကို PDF များက မိုင်းရှင်း လင်းရေး လုပ်ဆောင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ စစ်ကြောင်း ထိုးဝင်ရောက်သွားသည့် နေရာများကို PDF တပ်ဖွဲ့က မိုင်းရှင်း လင်းရေး လုပ်ဆောင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြည်သူများထိခိုက်သေဆုံးစေရန် ရည်ရွယ်၍ အကြမ်းဖက်စ်စစ်တပ်က ၎င်းတို့ စစ်ကြောင်းထိုးသည့်နေရာများတွင် နင်းမိုင်းများထောင်ထားခဲ့မှုများရှိသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရဲဘော်များက ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် တော်လှန်ရေးအင်အားစုများကို ထိန်းချုပ်ရန် ဖြတ် လေး ဖြတ်စနစ်ကို ဆက်လက်ကျင့်သုံးနေပြီး ၎င်းတို့စစ် ကြောင်း ထိုးဝင် ရောက်ရာ ဒေသများရှိ ဘာသာရေး အဆောက်အဦများ အပါအဝင် ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ပြည်သူ ပိုင်ပစ္စည်း များခိုးယူခြင်း၊ တိရိစ္ဆာန်များ ခိုးယူသတ်ဖြတ် စားသောက် ခြင်း တို့ လုပ်ဆောင်နေသည့် သူခိုးဓားပြသာ သာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာရှိ နှစ်ပေါင်း ၁၂၉ နှစ်သက် တမ်းရှိ မယ် တော်သခင်မဘုရားကျောင်း အပါအဝင် ပြည်သူပိုင်နေအိမ်များကို ၄ ကြိမ်မြောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ khit thit

သံဖြူဇရပ် ထင်းရှူးရဲကင်းစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ ထင်းရှူးရဲကင်းစခန်းကို ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၆ နာရီခွဲလောက်မှာ ရေးပြောက် ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင် အင်အား ၂၀ လောက် တပ်စွဲနေထိုင်နေတဲ့ ထင်းရှူးရဲကင်းစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီး၊ လက် နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု တနာရီနီးပါးအကြာ ဖြစ်ပွားခဲ့သလို သံဖြူဇရပ်မြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၅ အမြောက်တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တာပါ။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီစစ်ကြောင်းဟာ ထင်းရှူးကျေးရွာနဲ့ စွပ်ပလောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာပါ။

ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်ကတော့ ထင်းရှူးရဲစခန်းကို တိုက်ခိုက်ပြီးနောက် နေ့လယ် ၂ နာရီထိ နှစ်ဖက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် မြေပြင်အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတွေအဆိုအရ ထင်းရှူးရဲကင်းစခန်း တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိထားကြောင်းနဲ့ ဒေသခံပြည်သူတချို့လည်း တိမ်းရှောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ထင်းရှူးကျေးရွာဟာ မွန်လူမျိုးအများစုနေထိုင်တဲ့ ကျေးရွာတခုဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအကြိမ် ကျေးရွာအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။DVB

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် ၈ ခုကို ခရီးသွားလာခြင်းမပြုရန် ဗြိတိန်အစိုးရအ ကြံပြု

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် ရှစ်ခုကို လုံးဝခရီးမသွားသင့်သော ဒေသများအဖြစ် ဗြိတိန်အစိုးရက ဇန်နဝါရီလ ၁၆ ရက်နေ့က အကြံပြုချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါအကြံပြုချက်ကို နိုင်ငံခြားရေး၊ ဓနသဟာယနှင့်ဖွံ့ဖြိုးရေးရုံး(FCDO)က ထုတ်ပြန်ခြင်းဖြစ်ပြီး မွန် ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေး တိုင်းတို့အပြင် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့ကို လုံးဝခရီးမသွားသင့်သောဒေသများအဖြစ် အကြုံပြု ထားသည်။

ထို့ပြင် မဖြစ်မနေမှလွဲ၍ ခရီးမသွားသင့်သောဒေသများအဖြစ် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် တနင်္သာရီ တိုင်းအပြင် ရခိုင်ပြည်နယ်အလယ်ပိုင်းတို့ကို ဖော်ပြထားသည်။

“မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေသည် မှန်းဆ၍မရနိုင်သည့်အပြင် သတိပေးမှုမရှိဘဲ ပြောင်းလဲလွယ် သည့်သဘောရှိနေကြောင်း” ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းတို့နိုင်ငံသားများအနေဖြင့် ဖမ်းဆီးခံရခြင်း(သို့မဟုတ်)ထိန်းသိမ်းခြင်းခံရပါက ဗြိတိန်သံရုံးသို့ ချက် ချင်းအကြောင်းကြားပေးဖို့တောင်းဆိုရန်လည်း အကြံပြုထားသည်။

“ပြည်တွင်းခရီးသွားတွေပုံမှန်သွားလာနေတဲ့နေရာတွေကလွဲလို့ ကျန်တဲ့ဒေသတွေမှာ သက်ဆိုင်ရာ PDF တွေက ထုတ်ပြန်တဲ့သတိပေးတာတွေကို စောင့်ကြည့်ပြီးမှသွားလာဖို့ အကြုံပြုချင်ပါတယ်” ဟု ရှမ်းပြည် နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမဇ္ဈိမကိုပြောသည်။mizzima

ဒီးမော့ဆိုတွင် ပိန္နဲသီးခိုးနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ စစ်ကိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၅ မိုင်ကျေးရွာအတွင်း၌ ပြည်သူပိုင်ပိန္နဲသီးဝင်ခိုးနေသော အကြမ်း ဖက်စစ်သားနှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း KNDF တပ်ရင်း၉ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်ဝါရီလ ၁၆ ရက် နေ့လည်ပိုင်းက ဒီးမော့ဆိုမြို့နယ် အခြေစိုက် အမှတ် ၄၂၇ တပ်ရင်းမှ တပ်သားများ သည် ၅ မိုင်ကျေးရွာနှင့် ၆ မိုင်ကျေး ရွာ၌ တပ်စွဲသည့် အကြမ်းဖက်စစ်သားများထဲမှ စစ်သားနှစ်ဦးသည် ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေစဉ် KNDF တပ်ရင်း ၉ တပ်ခွဲ ၂ တပ်ဖွဲ့ ဝင်များ နှင့် တွေ့ဆုံပြီး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က ခိုးဖို့လာတာလား၊ ဘာလားတော့ မသိဘူး၊ ပိန္နဲသီးခူးနေတာ၊ ကျနော်တို့ရဲဘော်တွေ ကင်း လှည့် ရင်းနဲ့သွားတွေ့တာ၊ ပထမထင်တာက ရိုးရိုးပြည်သူပဲထင်တာ၊ အပင်ပေါ်ကတစ်ယောက်ကို ပေါ့နော၊ အိမ်ထဲကထွက်လာတဲ့တစ်ယောက်က ခွေးယူနီဖောင်းနဲ့တွေ့တော့မှ ခွေးပဲဆိုပြီး ရဲဘော်တွေ က တစ်ခါတည်းရှင်းလိုက်တာ”ဟု KNDF တပ်ရင်း၉ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းစစ်သားနှစ်ဦး ပစ်ခတ်ရှင်းလင်းပြီးနောက် ညနေပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ဘေးပတ်ဝန်းကျင် သို့လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ထုံးဘိုရွာအနီး အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း နဂါးနီပျောက်ကြား အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် ထုံးဘိုရွာအနီး အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော် ၁ ဦးကျဆုံးကာ စစ်တပ်က ထုံးဘိုရွာကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရသည်။

ညနေ ၄ နာရီ ၂၂ မိနစ်ခန့်တွင် ထုံးဘိုရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ကျားသစ်နက် – ပျောက်ကျားအဖွဲ့ နှင့် နဂါးနီပျောက်ကြား – မတ္တရာမြို့နယ် အဖွဲ့တို့မှ လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းကွန်းမြို့ရှိ မြေငလျင်ကြောင့် စိန်ဖူးတော် မြေခခဲ့သည့် မြသိန်းတန်စေတီအား ဇွန်လ ၂၁ ရက်နေ့တွင် ထီးတင်ရန် လာမည့် အကြမ်းဖက် စစ်တပ်မှ အရာရှိများကို လုံခြုံရေးယူပေးရန်အတွက် မင်းကွန်းမြို့အနီးရှိ ထုံးဘိုကျေးရွာကို ဝင်ရောက်စီးနင်း ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။khit thit

« Older Entries