ကော့ကရိတ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်ရှိ ရဲစခန်းများ မီးရှို့ဖျက်ဆီးခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရဲစခန်းနဲ့ ကော့တုံရှိ  BGF မွန်ငြိမ်းချမ်းရေးအဖွဲ့ စခန်းတို့ကို  ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်လောက်က ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ ခြင်္သေ့စစ်ကြောင်းနဲ့ ကျားဖြူ PDF စစ်ကြောင်း မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ကော့ဘိန်းရဲစခန်းမှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ က စခန်းကို စွန့်လွှတ်ထွက်ခွာသွားတဲ့အတွက် လူမရှိတော့တဲ့ ရဲစခန်းကိုမီးရှို့လိုက်တယ်လို့ ခြင်္သေ့စစ်ကြောင်းနဲ့ ကျားဖြူ PDF စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

BGF မွန်ငြိမ်းချမ်းရေးအဖွဲ့စခန်းကို ဝင်ရောက်တဲ့အချိန်မှာ နှစ်ဖက်အပြန်လှန်ပစ်တာက ၁ နာရီ ၁၅ မိနစ်လောက်ကြာဖြစ်ပွားခဲ့ပြီးနောက်  စ ခန်း ကိုသိမ်းပိုက်နိုင်ခဲ့ကာ  မီးရှို့ဖျက်ဆီးပါတယ်။

အဆိုပါစခန်းကနေ RPG ၁ လက်၊ သေနတ် အရှည် ၉ လက်၊ အတို ၃ လက် ကျည်ဘောက်တချို့နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ကျားဖြူ PDF စစ်ကြောင်းပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တိုက်ပွဲမှာ ​ကော့တုံမွန် BGF တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့ကာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ပြန်ထွက်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အချိန်မှာ ဒေသခံတချို့တွေက စစ်ကောင်စီရဲ့ လေကြောင်းရန်ကနေ ကြောက်လန့်ပြီးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာလည်း သကျက်တောကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ ရဲကင်းစခန်းကို ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီကျော်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

သကျက်တောရွာခံလူငယ်တဦးက “မီးမရှို့ခင် သေနတ်သံတွေလည်း ကြားရတယ်။ စခန်းထဲမှာတော့ လူနေအိမ်နဲ့နီးတဲ့ အဆောက်အအုံတခုကလွဲပြီး အကုန်ပြာကျကုန်တယ်”လို့ ပြောပါတယ်။

သကျက်တောစခန်းထဲက ပင်မအဆောက်အအုံတခု အပါအဝင် အဆောက်အအုံ ၅ ခုလောက်နဲ့ ကင်းပုန်းနေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး ၃ နာရီကျော်လောက်အကြာမှာတော့ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

သကျက်တောရဲကင်းစခန်းမှာ အရင်က ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးလောက်ရှိပြီး ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းမှာ အင်အားထပ်ဖြည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်နဲ့အတူ စခန်းကိုစွန့်ခွာပြီး ရေလမ်းကနေ ထွက်ခွာသွားခဲ့ကြပြီးနောက် အခုလို မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကတော့ သကျက်တောရဲကင်းစခန်းက တပ်ဖွဲ့ဝင် နှစ်ယောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက် ခိုက်တာခံရလို့ တယောက် သေဆုံးပြီး ရဲစခန်းကနေ စစ်ကူထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိတဲ့ သကျက်တောရဲကင်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေ ၅ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s