စစ်ကိုင်းမြို့နယ် လယ်ကြီးကျေးရွာအနီးတွင် တပ်မ(၃၃)မှစစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမကြီးအနီးရှိ နတ်ခရိုင်နှင့် လယ်ကြီးကျေးရွာ ကြားတွင် တပ်မ(၃၃)မှ ထွက်ခွာလာသော စစ်ကားတစ်စီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့မှ သိရသည်။
အဆိုပါ တိုက်ခိုက်မှူတွင် စစ်ကောင်စီတပ်သားငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးကပြောသည်။
“စစ်ကိုင်း တပ်မ(၃၃)ကနေ စစ်သား ၃၀ ခန့်လိုက်ပါလာတဲ့စစ်ကားကို ငါးလုံးတွဲပဒေသာမိုင်းနဲ့ တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။ ကားကတော့ နေရာမှာတင်ရပ်သွားပြီး တော်တော်ကြီးပျက်စီးသွားတယ်။ စစ်ကောင်စီ တပ်သားငါးဦးသေဆုံးခဲ့တာကတော့ ကျနော်တို့ မျက်မြင်ပေါ့ဗျာ ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ပြန်လည်ပစ်ခတ်တာမျိုးတွေလုပ်ခဲ့ပါတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး။ မိုင်းမိ သွားတဲ့စစ်သားအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ခြေတော်ရာတပ်ကလာသယ်သွား တယ်” ဟု ကိုသက်ကြီးက မဇ္ဈိမကို ပြော သည်။
ထိုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် သရဲနီတပ်ဖွဲ့တို့ ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima