ဆားလင်းကြီးမြို့ ဆားထုံးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ဘက်မှထွက်လာပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာသည့် စကစတပ် သားများနှင့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဆားထုံးကျေးရွာအနီး ဇန်နဝါရီလ ၁၆ ရက်နေ့ ၁၁ နာရီခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ေကြာင်း သိရသည်။
၎င်းတိုက်ပွဲတွင် စစ်ကောက်စီဘက်မှ အထိအခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးကာ စကစတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ယောက် သေဆုံးကြောင်း Black Shadow အဖွဲ့ ဒုတိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ဘသိန်းမှ မဇ္ဈိမကို ယခုလိုပြောသည်။
” ညောင်ပင်ကြီးကနေထွက်လာတဲ့ စကစတပ် စစ်ကြောင်းက ရွှေလှေ မှာ တစ်ညအိပ်ပြီး ချင်းတွင်းမြစ်ဘေးအတိုင်း ဆားလင်းကြီးရဲစခန်းကိုသွားတဲ့လမ်း ဆားထုံးရွာအနီးမှာ ကျွန်တော်အဖွဲ့နဲ့ တခြားညီနောင်မဟာမိတ်တပ်ဖွဲ့တွေက နေ့လယ် ၁၁ နာရီဝန်းကျင်လောက်မှာ မိုင်းဆွဲတိုက် ခိုက်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်” ဟု ဆိုသည်။
အဆိုပါတိုက်ပွဲတွင် Black Shadow အဖွဲ့နှင့်အတူ Black Shadow .PDF | Black Vote Fighter | Salingyi Generation -Z-PDF | မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ Daung New Generation ကနီ PDF | ယင်းမာပင်ခရိုင် တပ်ရင်း (၃၀) ၊ DRPA တပ်ရင်း (၁)နှင့်အတူ တခြားသောညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု သုံးနာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာနေရာတွင် စကစတပ်ဘက်မှ ထိခိုက်လူနာများအား အရေးပေါ်ကုသထားသည့် ဆေးထိုးအပ်များနှင့် သွေးကွက်များ တွေ့ရှိခဲ့သည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည်အင်အား ၅၀ ခန့်ပါဝင်ခဲ့ပြီး ဆားလင်းကြီးရဲစခန်းသို့ ၁၀ ယောက်ကျော်သာ ဝင်ရောက်သွားနိုင်ကြောင်း ထပ်မံသိရှိရသည်။mizzima