ထန်းတပင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရစဉ် ၈ လသားအရွယ်က လေးငယ် ကျည်ထိမှန် သေဆုံး

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က အုပ်ချုပ်ရေးမှူးနှစ်ဦး သေနတ်ဖြင့်ပတ်ခတ်ခံရစဉ် အနီးတွင်ရှိနေသော ရှစ်လသားအရွယ်ကလေးငယ် ကျည်ထိမှန်ပြီးသေဆုံးသွားကြောင်း သိရသည်။
ထန်းတပင်မြို့နယ် ရွာသာယာကျေးရွာမှ လက်ရှိအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့် အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ဝင်းတို့ကားဖြင့်ပြန်လာစဉ် လက်နက်ကိုင်လူတစ်စုက ဆိုင်ကယ်ဖြင့်လိုက်လံပစ်ခတ်ခြင်းဖြစ် ကြောင်း၊ ဦးခင်မောင်ဝင်းမှာထွက်ပြေးခဲ့သည့်အတွက် နောက်မှလိုက်လံပစ်ခတ်ရာ အခင်းဖြစ်ပွားရာအနီး နားရှိ ရှစ်လသားအရွယ် မောင်ဘုန်းသူရနိုင်၏ဦးခေါင်းကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က အုပ်ချုပ်ရေးမှူးအဟောင်းရယ်၊ အသစ်ရယ်က ချောင်းဝရွာဦးမှာ စေတီတည်ထားတာရှိတယ်။ အဲ့ဒီမှာတည်ထားကိုးကွယ်မယ့်ဘုရားကို တောင်ငူမြို့မှာလာပင့်တယ်။ ပင့်ပြီးတော့ပြန်ပို့တယ်ပေါ့။ စေတီ တည်ထားကိုးကွယ်တဲ့နေရာကိုရောက်ပြီးတော့ ပြန်တာပေါ့။ ပြန်လာတဲ့လမ်းက မြေသားလမ်းပေါ့ဗျာ။ ကားလမ်းပေါ်လည်းရောက်ရော နောက်က လက်နက်ကိုင်တစ်စုက ကားကိုလိုက်ပစ်တယ်”ဟု ဒေသခံ တစ်ဦးက ရှင်းပြသည်။
“ကျွန်တော်ကအခင်းဖြစ်ပြီးမှ ကားခေါင်းထဲကဆင်းလာတာ။ လိုက်ပစ်နေတုန်းမှာပဲ ကလေးထိသွားပြီဆို တာ အော်သံပြုသံကြားရတယ်။ အဲဒီကလေးနဲ့ မိခင်ကလမ်းဘေးမှာ ရှိနေတာ။ ကလေးထိသွားတဲ့အချိန် မှာ အုပ်ချုပ်ရေးမှူးဟောင်းက ထွက်ပြေးနေတဲ့အချိန်ပဲရှိသေးတယ်။ တိုက်ဆိုင်သွားတာက အဲ့ဒီကလေး ထိတဲ့နေရာနဲ့ အုပ်ချုပ်ရေးမှူးဟောင်းဝင်ပြေးတဲ့အိမ်နဲ့က တဆက်တည်းလိုဖြစ်သွားတာပေါ့ ”ဟု ၎င်းက ပြန်ပြောပြသည်။
အခင်းဖြစ်ရာတွင်ပစ်သတ်ခံလိုက်ရသည့် အုပ်ချုပ်ရေးမှူးဦးစိုးနိုင်မှာ အုပ်ချုပ်ရေးမှူးတာဝန်ယူထားသည် မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။
အိမ်ထဲသို့ဝင်ပြေးသည့် အုပ်ချုပ်ရေးမှူးဟောင်းမှာလည်းပစ်သတ်ခံလိုက်ရပြီး အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်တပ်က လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ကျည်ထိမှန်ခဲ့သည့်မောင်ဘုန်းသူရနိုင်ကို ထန်းတပင်ဆေးရုံ၊ တောင်ငူဆေးရုံ၊ နေပြည်တော်ကုတင် ၁,၀၀၀ ဆေးရုံသို့ အဆင့်ဆင့်ပို့ဆောင်ခဲ့သော်လည်း ကုတင် ၁၀၀၀ ဆေးရုံ မရောက်မီ သေဆုံးသွားကြောင်း သိရသည်။
“ကုတင် ၁,၀၀၀ ရောက်တော့ အသက်မရှိတော့ဘူး။ လမ်းမှာဆုံးတာဖြစ်နိုင်တယ်။ နေပြည်တော်အဝင် မရောက်ခင်အထိတော့ အသက်ရှိသေးတယ်။ နေပြည်တော်ဆေးရုံကြီးကိုရောက်တော့ အသက်မရှိတော့ ဘူး။ အတိအကျတော့ပြောဖို့ခက်တယ်၊ နေပြည်တော်အဝင်လောက်မှာ ဆုံးတယ်ထင်ပါတယ်”ဟု ကူညီပေးခဲ့သည့် Save the Trees ပရဟိတအဖွဲ့က ပြောသည်။
မောင်ဘုန်းသူရနိုင်တို့မိသားစုမှာ ၎င်းတို့ဒေသတွင်မအေးချမ်းသည့်အတွက် ထန်းတပင်မြို့နယ် ရွာသာ ယာကျေးရွာသို့ ပြောင်းရွှေ့လာကြသူများဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ရောက်လာတာတော့ သိပ်မကြာသေးဘူး။ သူတို့က မုန်းတို့ ကျောက်ကြီးတို့ဘက်က မီးတိုင်တောဆိုတာ သူတို့ရွာပေါ့။ အဲ့ဒီဘက်မှာ မအေးချမ်းတဲ့အတွက် ဒီဖက်ပြေးလာကြတာ”ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
ယခုပစ်ခတ်မှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရသေးပေ။ mizzima