နိုင်ငံခြားငွေဈေးနှုန်းမတည်ငြိမ်စေသည့် လှုံဆော်မှုများကိုသတင်းပေးရန် ဗဟိုဘဏ်ဥက္ကဋ္ဌတိုက်တွန်း

ငွေလဲကောင်တာ(Money Changer)လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားငွေကြေးဈေး ကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်စေသည့်လှုံဆော်မှုများကိုသိရှိပါက သတင်းပေးရန် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုထားသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် Money Changer လိုင်စင်ရဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့ အစည်းများနှင့်ဆွေးနွေးမှုအတွင်း “နိုင်ငံခြားငွေကြေးဈေးကွက်တည်ငြိမ်စေရေး အတူတကွဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြစေလိုပါတယ်”ဟု ၎င်းကထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Money Changer များအနေဖြင့် ဗဟိုဘဏ်ကထုတ်ပြန်ထားသည့် ဥပဒေနှင့် စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ရန်လိုသလို မူဝါဒပိုင်းဆိုင်ရာတွေကို သိရှိရန်လိုအပ်ကြောင်း လည်း ၎င်းကပြောဆိုခဲ့သည်။
“ငွေလဲကောင်တာတွေမှာလည်း အရင်ကလို အချိန်နဲ့အမျှ ငွေလဲနှုန်းဖော်ပြထားတာတွေ မရှိတော့သလို၊ တချို့ဆိုရင် စကစရဲ့ဖမ်းဆီးစစ်ဆေးတာ၊ အကြပ်ကိုင်တာမျိုး ခံဝန်ကတိပေးရတာမျိုးလည်း လုပ်ဆောင် ခံရတဲ့အတွက် စကစနဲ့ ဗဟိုဘဏ်ရဲ့ လက်ခုပ်ထဲက ရေဖြစ်နေတယ်။ ဒါ့ကြောင့် ငွေလဲလှယ်တဲ့ အခါမှာ လည်း သတိထားဆောင်ရွက်ဖို့လိုတယ်” ဟု မဇ္ဈိမ၏သတင်းရင်းမြစ်ဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် သတ်မှတ်ထား သော်လည်း ယနေ့ ဇန်နဝါရီလ ၁၈ ရက် ပြင်ကငွေလဲလှယ်နှုန်းထားမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၂,၉၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြောင်း စုံစမ်းသိရှိရသည်။mizzima