နွားဈေးတွင် ဆက်ကြေးလာကောက်သည့် ရဲ ၂ ဦးပစ်ခတ်ခံရ၍ သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ အရှေ့တောင်ဘက်ရှိ နွားဈေးကွင်းတွင် ဆက်ကြေးလာကောက် သည့်ရဲနှစ်ဦး ပစ်ခတ်ခံရ၍သေဆုံးသွားပြီး ၎င်းတို့ကိုင်ဆောင်ထားသည် လက်နက်အချို့ သိမ်းဆည်းရမိ ကြောင်း Natogyi People Defence Force( NPDF ) ထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နွားဈေးကွင်းတွင် ဆက်ကြေးလာကောက်သည့် နွားထိုးကြီးမြို့မရဲစခန်းမှ နယ်ထိန်းသန်းဇော်မင်းနှင့် တပည့် အောင်ကျော်ဖြိုးတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း NPDF အဖွဲ့မှ ဒုတာဝန်ခံက မဇ္ဈိမကို ပြောသည်။
“သူတို့က ဆိုင်ကယ်နဲ့လာပြီးတော့ နွားဈေးကွင်းကို ဆက်ကြေးကောက်တယ်။ အဲဒီမှာ ကျတော်တို့ဘက် က ရှင်းလိုက်နိုင်တယ်ပေါ့နော်။ သူတို့ဘက်ကတော့ ပြန်မပစ်နိုင်ခဲ့ဘူး။ အလောင်းတွေက ကျတော်တို့ ပစ်ပြီး ၁၅ မိနစ်ဝန်းကျင်လောက်နေတော့မှ သူတို့က အင်အားအလုံးရင်းနဲ့ ပတ်ပတ်လည် ဝိုင်းပြီးတော့မှ လာသယ်သွားတယ်” ဟု ၎င်းက ဆိုသည်။
ပစ်ခတ်ရှင်းလင်းခံရသည့် နယ်ထိန်းသန်းဇော်မင်းနှင့် တပည့် အောင်ကျော်ဖြိုးတို့ကိုင်ဆောင်သည့် အူစီ သေနတ်တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ 9MM ကျည် ၁၅၆ တောင့်နှင့် ဖုန်းတစ်လုံးတို့အား သိမ်းဆည်း ရရှိခဲ့ကြောင်းလည်း သိရသည်။
နွားထိုးကြီးမြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံရဲများသည် မြို့နယ်အတွင်းရှိ ပြည်သူများထံမှ ခြိမ်းခြောက်၍ ငွေတောင်းခံခြင်း၊ လောင်း ကစားဒိုင်များထံမှ ဆက်ကြေးကောက်ခံခြင်း၊ နိုင်ငံရေးပုဒ်မဖြင့် ချိပ်ပိတ်ခံထားရသည့်အိမ်များမှ ပစ္စည်းများခိုးယူလုယက်ခြင်းတို့ကို အကြိမ် ကြိမ်ပြုလုပ်ခဲ့ကြောင်းလည်း NPDF အဖွဲ့ထံမှ သိရသည်။mizzima