ပုသိမ်မြို့တွင် အရက်မူးနေသူကို စစ်ကောင်စီတပ်က ပစ်သတ်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရတနာလမ်းတွင် အရက်မူးနေသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံကသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က ရတနာလမ်း(ကွင်းလေးချောင်)တွင် အမျိုးသားတစ်ဦး မူးယစ်ရမ်းကားနေသည့်အတွက် ရပ်ကွက်နေပြည်သူများက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လှမ်းခေါ်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်(နယ်ထိန်း)ရောက်ရှိလာခဲ့ပြီး ပုသိမ်မြို့ တဂေါင်းဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အဆိုပါ နယ်ထိန်းကလှမ်းခေါ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်များရောက်ရှိလာကာ အရက်မူးနေသူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကပြော သည်။
“(၆) ရပ်ကွက် နယ်ထိန်းကို လှမ်းခေါ်လိုက်တာမှာ ရဲက သူကိုယ်တိုင်မထိန်းနိုင်လို့ စစ်တပ်ကိုလှမ်းခေါ်လိုက်တာပါ။ စစ်တပ်ရောက်လာတော့ အရက်သမားကိုမဖမ်းဘဲ တန်းပစ်တာပါ”ဟု ဆိုသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရက်မူးနေသူ အသက် ၂၅ နှစ်အရွယ် ကိုကျော်အောင်ဆိုသူ လက်မောင်းရင်း ကျည်ထိမှန်ခဲ့ပြီး ပုသိမ်ဆေးရုံအရောက်တွင် လက်တစ်ဖက်ဖြတ်ခဲ့ရသည်ဟု သိရသည်။
ထို့နောက်ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရာက ဇန်နဝါရီလ ၁၆ ရက်နေ့၌ သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။
“ဒါက အာဏာရှင်ရဲ့ ဓလေ့စရိုက်ပဲလေ၊ ဥပဒေလမ်းကြောင်းအရပဲ သွားရမဲ့ကိစ္စတွေကို တစ်ခါတည်း လက်စတုန်းလိုက်တယ်ဆိုတာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာကို ပြနေတာပဲ။ ဘယ် ဒီမိုကရေစီအစိုးရမှာမှ ဒါမျိုးလုပ်ရပ်မရှိဘူး ။ အာဏာရှင်တွေပဲ ဒီလိုလုပ်ရပ်မျိုးလုပ်တာပါ” ဟု
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ထိုဖြစ်စဥ်နှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။
စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်အတွင်း မူးယစ်ရမ်းကားသူများ၊ ခိုးမှုဖြင့် ရဲတပ်ဖွဲ့ဝင်ခံရသူများကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းခြင်းမပြုလုပ်ဘဲ၊ စစ်ကောင်စီတပ်များက ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြသည်ဟု သိရသည်။mizzima