မတူပီမြို့ တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ကျဆုံးပြီး လက်နက်ခဲယမ်းပစ္စည်းများဆုံးရှုံး

ချင်းပြည်နယ် ၊ မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲ ဘော်တစ်ဦးကျဆုံးခဲ့ပြီး လက်နက်ခဲ့ယမ်းနှင့် လူ့အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း CDF – Matupi က ဇန်နဝါရီလ ၁၆ရက်နေ့တွင် ထုတ်ပြန်သည်။
မတူပီ – ဟားခါး လမ်းမပေါ်ရှိ ငလိုင်ကျေးရွာတွင် ဇနဝါရီလ ၁၅ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ၎င်းတို့ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း ဆိုသည်။
ထို့အပြင် မောင်းပြန် (M – 4) နှစ်လက် ၊ ခါးချိုးသေနတ် နှစ်လက် ၊ မော်တော်ဆိုင်ကယ် ၁၁စီး ၊ လက်ကိုင်ဖုန်း ခုနစ်လုံး ၊ မောင်းပြန်ကျည် အ များအပြားနှင့် ငွေကျပ် ၁,၅၀၀,၀၀၀ (တစ်ဆယ့်ငါးသိန်း) လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ ငလိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်း၌ ပြည်သူများပိုင်ဆိုင်သော အိမ်သုံးလုံးကို စက်ကြီးများဖြင့် ဖြိုခွင်း၍ ၎င်းအထဲမှ နေအိမ်နှစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၅ရက်နေ့က ငလိုင်ကျေးရွာတွင် ရှေ့တန်းကင်းစခန်းအဖြစ်ရှိသော ချင်းကာကွယ်ရေးတပ်ဖွဲ့ကို ခလရ (၁၄၀) မှ အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း CDF – Matupi မှ ထုတ်ပြန်ခဲ့သည်။
မတူပီမြို့နယ်အပါအဝင် ချင်းပြည်နယ်ရှိ နေရာဒေသများတွင် စစ်ကောင်စီမှ ရွေးကောက်ပွဲများပြုလုပ်ရန်ပြင်ဆင်နေရာ နယ်မြေစိုးမိုးရေး ၊ ရှင်းလင်းရေး အကြောင်းပြပြီး စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ ပြောဆိုထားသည်။
စက်တင်ဘာလ ၂၃ရက် ၂၀၂၁ ခုနှစ်တွင် ငလိုင်ကျေးရွာ ၊ ညီအကိုအသင်းတော်မှ ခရစ်ယာန် ဓမ္မဆရာ ဦးငိုင်ကုန်းနှင့် ဒေသခံများကို စစ်ကောင် စီတပ်က ဖမ်းဆီးခဲ့ပြီး ကျန်လူများလွှတ်ပေးခဲ့သော်လည်း ဓမ္မဆရာမှာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း မိသားစုထံအသိပေးခဲ့ကြောင်းကို ဒေသတွင်းအရင်းအမြစ်များထံမှ သိရသည်။
အိမ်ခြေ ၁၀၀ကျော်ခန့်နှင့် လူဦးရေ ၆၀၀ကျော် နေထိုင်သော ငလိုင်ကျေးရွာမှာ ၎င်းတို့ ဓမ္မဆရာအား နှိပ်စက်ညှဥ်းပန်းအသတ်ခံရပြီးနောက် ပိုင်း ရွာလုံးကျွတ် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်းလည်း ရွာခံတစ်ဦးထံမှ သိရသည်။ mizzima