မိုင်တဲတာဝါတိုင် မီးရှို့ဖျက်ဆီးခံရခြင်းကို KIA နှင့် PDF က ရွာကိုမီးရှို့ဟု သတင်းမှားဖြန့်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ရွာကို မီးရှို့သည်ဟု ဆိုကာ မီးလောင်နေသည့် ဗီဒီယိုဖိုင်ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။
ဘညွန့်အမည်ရှိတယ်လီဂရမ်ချန်နယ်မှ “အကြမ်းဖက် KIA နဲ့ PDF တွေ မီးရှိတယ်ဆိုပြီး ခွေးသစ်က တင်ထားတယ် သူကတင်ပေးရင်း ဖော်ကောင်ပြန်လုပ်ပေးလိုက်တာပဲ” (မူရင်းအရေးအသားအတိုင်း) ရေးသားကာ မီးလောင်နေသည့် ဗီဒီယိုဖိုင်ဖြင့် ဖြန့်ဝေထားသည်။
ထိုဗီဒီယိုတွင် “အကြမ်းဖက် KIA+PDF(ပဒက်) ရွာတွေကို မီးရှို့ထားတဲ့ Video တပ်မတော်က လုပ်ပါတယ် ဆိုပြီး ခေတ်သစ်ကဖာဆန်တာ” ဟုလည်း ရေးထိုးထားသည်။ ထိုဖိုင်သည် အခြားတယ်လီဂရန်ချန်နယ် ၁၂ ခု အပြင် ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။
ထိုဗီဒီယိုဖိုင်ကို မဇ္ဈိမမှအချက်အလက်စစ်ဆေးခဲ့ရာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် လုံးဝ ဆက်စပ်မှုမရှိဘဲ ဇန်နဝါရီလ ၁၀ ရက်နေ့ညက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းရှိ စစ်ကောင်စီထောက်တိုင်ဖြစ်သည့် Mytel တာဝါတိုင်အား ရေးဘီလူးအဖွဲ့မှ သွားရောက် မီးရှို့ခဲ့သည့် ဗီဒီယိုဖိုင်ဖြစ်သည်။
အဆိုပါဗီဒီယိုဖိုင်ကို ရေးဘီလူးအဖွဲ့လူမှုကွန်ရက်စာမျက်နှာတွင် အစောဆုံးတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ထောက်တိုင် Mytel တာဝါတိုင်အားမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ကျုံလောင်းရွာဟောင်းကျေးရွာအတွင်း စစ်ကောင်စီ၏ ပညာရေးစနစ်ကိုလည်း ပိတ်သိမ်းလိုက်ကြောင်းနှင့် နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် အပေါင်းအပါများကိုလည်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ လင့် – https://bit.ly/3IWwlot
ခေတ်သစ်တွင်လည်း အဆိုပါဗီဒီယိုဖိုင်နှင့်အတူ ရေးဘီလူးအဖွဲ့မှ ကျုံလောင်းရွာဟောင်းရှိ Mytel တာဝါ တိုင်အား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ သတင်းမှားတွင် ပါဝင်သကဲ့သို့ ရွာမီးရှို့ကြောင်း မဟုတ်ပေ။ လင့် – https://bit.ly/3iJfRW4
ထိုဖိုင်နှင့်ပတ်သက်၍ ရေးဘီးလူးအဖွဲ့မှ Mytel တာဝါတိုင်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်းကို မွန်ပြည်နယ် အခြေစိုက် လဂွန်းအိမ်စာစဉ်အပြင် မဇ္ဈိမမှလည်း သတင်းတင်ဆက်ထားသည့်။ လင့် – https://bit.ly/3HdFRT6 , https://bit.ly/3HmZKqZ
ထို့ကြောင့် KIA နှင့် PDF များမှ ရွာမီးရှို့သည်ဆိုသော ဗီဒီယိုဖိုင်သည် အချက်အလက်မှန်ကန်ခြင်းမရှိဘဲ အမှန်တကယ်မှာ မွန်ပြည်နယ်ရှိ Mytel တာဝါတိုင်ကို ဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်သာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima