အသွင်ယူကာ အရပ်သားကားနှင့် လက်နက်သယ်နေသော စစ်ကောင်စီတပ်ဖွဲ့ အနီးကပ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် နည်းပညာတက္ကသိုလ်(GTC) တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်အသား အသွင်ယူကာ လက်နက်များသယ်နေသည်ကို အနီးကပ်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားကြောင်း Area 71 People Defense Force ( Monywa)က ဇန်နဝါရီလ ၁၅ရက်တွင် ထုတ်ပြန်သည်။
မုံရွာမြို့နယ် ၊မြေနှဲကျေးရွာ ၊ မိုးညှင်းသမ္ဗုဒ္ဓေဘုရားအနီး GTC ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားအဝတ်နှင့် ပြည်သူ့ကားကိုအသုံးပြုပြီး လက်နက်များ သယ်ယူပို့ဆောင်နေသည်ကို ရက်ကာလအတန်ကြာ စောင့်ကြည့်ထောက်လှမ်းခဲ့ပြီး ဇန်နဝါရီ ၁၅ရက် နံနက် ၉နာရီ ၂၀မိနစ်အချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Area 71 PDF (Monywa) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“GTC ကိုတပ်စွဲတာက တပ်စွယ်သဘောပဲ ၊ လက်နက်ခဲယမ်းကို အဲဒီမှာထားပြီး တပ်ဖြန့်ထားတဲ့နေရာတွေကို နောက်ကနေ ခဲယမ်းလိုက်ပို့ပေးတဲ့သဘောပါ၊ ကျနော်တို့ အချိန်ယူစောင့်ကြည့်ပြီးမှ တိုက်ခဲ့တာ” ဟု ၎င်းကဆိုသည်။
ယင်းနေ့ နံနက် ၅နာရီအချိန်မှစ၍ GTC ကျောင်းသို့သွားရာလမ်းဘေးတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းခဲ့ပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဆိုသည်။
ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ သတင်းရထားသည်မှာ Pajero ကား အပြာရောင်တစ်စီးဖြစ်ပြီး ၎င်းကားရှေ့မှ Dyna ကားတစ်စီးတွေ့ရှိရကာ အ ရပ်ဝတ်နှင့် လူများပါလာသည့်အတွက် ရဲဘော်များကို ပစ်မိန့်မပေးဘဲထားခဲ့ကြောင်း ပြန်ကြားရေးတာဝန် ခံကဆိုသည်။
သို့သော် ပြည်သူ့ကားဟု ထင်မှတ်ရသော Dyna ကားမောင်းသူထံမှ “ပစ်ကွာ” ဟု ဆိုသော အမိန့်ပေးသံ ကြားလိုက်ရပြီး စစ်ကောင်စီတပ်သားများ၏ စတင်ပစ်ခတ်ခြင်းကို ခံလိုက်ရကြောင်းနှင့် ၎င်းတို့ ရဲဘော်အချို့၏ လက်လုပ် ရှော့ဂန်းများတွင်လည်း ကျည်ပြန်လည်နုတ်ထားသည့်အ တွက် ပြန်လည်ပစ်ခတ်ချိန်မရခဲ့ကြောင်း Area 71 PDF (Monywa) ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ယင်းသို့ပစ်ခတ်နေချိန်တွင် ကားများအနီး ၁၀ပေခန့်အကွာတွင် ကင်းပုန်းဝပ်နေသော ကာကွယ်ရေး ရဲဘော် သုံးဦး ရှိနေခဲ့ပြီး ၎င်းတို့မှ Dyna ကားပေါ်သို့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးအား အသေပစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းနောက် စစ်ကောင်စီတပ်သားများမှ မောင်းပြန်သေနတ်များ ၊ ၄၀ မမ များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် လက်နက်ခြင်း မယှဉ်သာ၍ ရဲ ဘော် တစ်ဦး ဒဏ်ရာ (မစိုးရိမ်) ရ ထိခိုက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ GTC ကျောင်းတွင် စစ်ကောင်စီတပ်သား ၃၀ခန့် တပ်စွဲနေထိုင်ပြီး အရပ်ဝတ်များဖြစ်သောကြောင့် အင်အား အတိအကျခန့်မှန်းရန် ခက်ခဲကြောင်း ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
ဇန်နဝါရီလ ၁၃ရက် မွန်းလွဲ ၃နာရီ ၁၅မိနစ်အချိန်တွင် မုံရွာမြို့နယ် ကြာပိုင်ကျေးရွာ တောဘက်ခြမ်းရှိ ပြည်သူများ၏ ကွမ်းခြံများကို တောပုရွာမှ ပျူစောထီး အင်အား ၅၀ ခန့်ဖြင့် မီးရှို့နေကြောင်း ကြားသိရသဖြင့် Area71 PDF Monywa အဖွဲ့နှင့် Monywa Special ဒိတ်ဒိတ်ကြဲ ၊ The Ant’s LPDF တို့က ပူးပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။mizzima