ကျောက်ဆည်မြို့နယ်၌ စစ်ကောင်စီ၏ ရွေး ကောက်ပွဲကို ဦးဆောင်သူ စစ်တပ်သတင်းပေး ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် သာစည်လေးကျေးရွာတွင် စစ်ကောင်စီအလိုကျပြုလုပ်မည့် ရွေးကောက်ပွဲကို ဦးစီးဆောင်ရွက်နေသည့် စစ်တပ်သတင်းပေး တစ်ဦးကို ရှင်းလင်းခဲ့ကြောင်း PRF Kyaukse ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တောကျီးကန်းက ပြောသည်။
အသတ်ခံရသူမှာ ထွန်းဦးဆိုသူ ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီ ဝန်းကျင်က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။
“အိမ်ဝန်းထဲကအထွက်မှာ သေနတ်နဲ့ နှစ်ချက်ပစ်ခဲ့တာဗျ။ ပြန်ခုခံတာတော့မရှိဘူး။ သေတယ် တန်းသေတာပဲ” ဟု တာဝန်ခံ တောကျီးကန်းက ဆိုသည်။
စစ်ကောင်စီသတင်းပေး ထွန်းဦးသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးဖို့ သတင်းပေးခြင်းများ လုပ် ကိုင်နေပြီး လောင်းကစား ဝိုင်းထောင်ခြင်းနှင့် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် တက်ကြွစွာလှုပ်ရှားနေသူ တစ်ဦး ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။
“အုပ်ချုပ်ရေးမှူးတွေကို သူကြိုးကိုင်တာ၊ ဆရာကြီးပဲ။” ဟု ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။
အုပ်ချုပ်ရေးမှူး အသတ်ခံရပြီး နာရီဝက်လောက်တွင် စစ်ကောင်စီတပ်သားများ ကားခြောက်စီးဖြင့် အင်အားအပြည့် ရောက်လာသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများ ရမ်းသန်း ဖမ်းဆီးမှာကို ကြောက်သည့် အတွက် ရွာတွင်တစ်ယောက်မှမရှိတော့ဘဲ အကုန်ထွက်ပြေးကုန်ပြီဟု ဒေသခံက ဆက်လက်ပြောသည်။
PRF Kyaukse ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကတော့ “ကျန်ရှိနေသေးတဲ့ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ထွေအုပ်ဝန်ထမ်းများ မဖြူသောကျွန်စိတ်နဲ့ အဖြူစိမ်းဝတ်ဆင်ထားသော ပညာရေးဝန်ထမ်းများအားလုံး မတရားသောရွေးကောက်ပွဲအတွက် သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ပါဝင်ပတ်သက်ခြင်းပြုပါက ဆက်လက် အရေးယူသွားမည်ဖြစ်တယ်” ဟု ထပ်မံ သတိပေး ထုတ်ပြန်ထားသည်။mizzima